Monday, May 21, 2012

မန္တလေးမြို့က လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲ

၂၀၁၂ ခုနှစ် မေလ ၂၀ ရက်က မန္တလေးမြို့တွင် 
လျှပ်စစ်မီး ရရှိရေးအတွက် ပြည်သူရာပေါင်းများစွာ 
ဖယောင်းတိုင် ထွန်းညှိပြီး လမ်းလျှောက်လှည့်လည် 
ဆန္ဒပြနေစဉ်။ courtesy of Kyaw Moe Win
တနင်္ဂနွေနေ့ ည ၇ နာရီလောက်က မန္တလေးမြို့မှာ လျှပ်စစ်မီး ရရှိရေးအတွက် ပြည်သူရာပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ဖယောင်းတိုင်တွေ ထွန်းညှိပြီး လမ်းလျှောက် လှည့်လည်ခဲ့သလို၊ လျှပ်စစ်မီးရရှိရေး တောင်းဆိုချက် ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။

ဆန္ဒပြသူအဖွဲ့ ၂ ဖွဲ့ရှိပြီး တစ်ဖွဲ့က မန္တလေးတိုင်း လျှပ်စစ်ရုံးအနီးနဲ့ နောက်တစ်ဖွဲ့က ဆီဒိုးနားဟိုတယ် အနီးမှာ ဆန္ဒပြကြပြီး၊ အဲဒီနှစ်ဖွဲ့ နောက်ဆုံး ပေါင်းဆုံခဲ့ကြတယ်လို့ မျက်မြင်သက်သေ မန္တလေးသားတစ်ဦးက ပြောပြပါတယ်။

ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲပြီး နောက်ပိုင်းလောက်ကစပြီး မီးအတော်ကလေး မှန်ခဲ့ပေမယ့် ဒီနှစ်ဆန်းပိုင်းကစပြီး အတော်ဆိုးဆိုးရွားရွား ပြန်ပျက်ခဲ့တယ်လို့ မန္တလေး ဒေသခံတွေက ပြောပါတယ်။

Sunday, May 20, 2012

ရန်ကုန်တက္ကသိုလ် ဂုဏ်သိက္ခာ ပြန်လည်တည်ဆောက်ရေး သမ္မတ အကြံပေးရဲ့ အိတ်ဖွင့်ပေးစာ

စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်။
ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အတွက် Myanmar Development Resource Institute- MDRI မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း ခေါင်းဆောင်လည်းဖြစ် နိုင်ငံတော် သမ္မတရဲ့စီးပွားရေး အကြံပေးလည်း ဖြစ်တဲ့ ဦးမြင့်က ပြည်သူသို့ အိတ်ဖွင့်ပေးစာ တစ်စောင် ဒီနေ့ ဖြန့်ချိလိုက်ပါတယ်။

ပညာရေးကဏ္ဍ လိုအပ်ချက် အတွက် ရန်ကုန် တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အတွက် စဉ်းစားကြဖို့ စာမှာ အဆိုပြုထားတာပါ။

Wednesday, May 16, 2012

တောင်ကိုရီးယား သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်တို့ 
၂၀၁၂ ခုနှစ် မေလ ၁၅ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနေစဉ်။ (Photo courtesy of NLD)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်နဲ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တောင်ကိုရီးယား အစိုးရအနေနဲ့ ပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုတွေအတွက် ဆောင်ရွက်ချက်တွေကို ချီးကျူးပြောကြားခဲ့သလို မြန်မာနိုင်ငံအနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်မှုတွေကို လိုချင်သလို ငြိမ်းချမ်းမှု၊ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ရရှိမှုဟာ စစ်မှန်တဲ့ဒီမိုကရေစီအတွက် အရေးကြီးကြောင်း၊ ပြည်သူတွေအနေနဲ့လည်း မိမိတို့ အနာဂတ်ဟာ မိမိတို့ရဲ့ လက်ထဲမှာသာ ရှိတယ်ဆိုတာကို နားလည်ဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

Wednesday, May 2, 2012

NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူ့ လွှတ်တော်တွင် ကတိသစ္စာပြု

ဓါတ်ပုံ - The Express Time
NLD မှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၄)ဦး ကတိသစ္စာပြုခဲ့ကြသည်။
     
NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ကတိသစ္စာပြုလွှာပါစာသားများနှင့် ပတ်သတ်ပြီး လွှတ်တော်တွင် ကျမ်းကျိမ်ရန် အခက်အခဲရှိခဲ့သော်လည်း တိုင်းပြည်အကျိုးကိုရှေ့ရှု၍ ပြည်သူ့ သဘောထားကို ဖြည့်ဆည်းပေးသောအားဖြင့်ပထမအကြိမ်ပြည်သူ့ လွှတ်တော် တတိယပုံမှန်အစည်းအဝေး၏နောက်ဆုံးနေ့တွင် ပြည်သူ့လွှတ်တော်သို့ တက်ရောက်ပြီး ကတိသစ္စာပြုခဲ့ခြင်းဖြစ်သည်။
NLD မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာ(၃၇)နေရာ ရရှိခဲ့ပြီး ဦးဇေယျာသော်၊ ဦးနေဖြိုးသိန်းနှင့် ဒေါ်စန္ဒာမင်းတို့ မှာ နိုင်ငံခြားသို့ ခရီးလွန်နေသဖြင့် ကတိသစ္စာပြုရာတွင် တက်ရောက်နိုင်ခြင်းမရှိပါ။ (ရာဇ၀င်)