Wednesday, November 24, 2010

နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော် လွတ်မြောက်ရေး မမေ့ဖို့ AAPP တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော်ကို လွှတ်ပေးဖို့ (AAPP)နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

တချိန်ထဲမှာလည်း သူတို့ လွတ်မြောက်ရေးကို သတိမေ့မထားဖို့ နိုင်ငံတကာအသိုင်းဝိုင်းကို ပန်ကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရုံ နဲ့ မလုံလောက်သေးကြောင်း ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကိုလည်း လွှတ်ပေးဖို့  လိုကြောင်း အေအေပီပီရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာပြည်သူတွေနဲ့တကွ နိုင်ငံတကာအစိုးရတွေကပါ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ၀ိုင်းဝန်းကျိုးပမ်းပေးဖို့ ကို အေအေပီပီက တိုက်တွန်းပါကြောင်း အေအေပီပီရဲ့  တွဲဘက်အတွင်းရေးမှုး ကိုဘိုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက်လည်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို ကျိုးပမ်းသွားမယ်လို့လည်း သူမက ပြောဆိုခဲ့ပါတယ်။

လောလောဆယ် အကျဉ်းထောင်တွေထဲမှာ အနှစ် ၂၀ ကျော်ကြာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ရှိနေပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါအ၀င် ထောင်ဒါဏ် အနှစ် ၆၀ ကျော် ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးကြောင်း၊ ဒါ့အပြင် လက်ရှိ နိုင်ငံအရေး အကျဉ်းသားတွေရဲ့ ထောင်တွင်း အခြေအနေတွေ တိုးတက်လာခြင်း မရှိသေးဘဲ ဆေးဝါးကုသခွင့်မရတာတွေ၊ ကျန်းမာရေးမကောင်းစဉ် ထောင်ပြောင်းခံရတာတွေ ရှိနေသေးကြောင်း အေအေပီပီရဲ့ ဒီနေ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။ (RFA)

No comments:

Post a Comment