Thursday, March 31, 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နောက်ကွယ်မှ အာဏာဆက်လက် ချုပ်ကိုင်နိုင်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယနေ့ မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို တရားဝင် ဖျက်သိမ်းလိုက်ကြောင်း ကြေညာသွား သော်လည်း နောက်ကွယ်မှ အာဏာအရပ်ရပ်ကို ဆက်လက်ချုပ်ကိုင်သွားမည် သာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ၀ါရင့် နိုင်ငံရေးသမားကြီးများက ပြောကြားလိုက်သည်။

သံတမန်ဟောင်း၊ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “သူတို့က ဒီမိုကရေစီစနစ်ကို ကျင့်သုံးတော့မယ်ဆိုတဲ့ သဘောမျိုးနဲ့ နိုင်ငံရေးရာထူးတွေ ယူထားတာ မတွေ့ရတော့ဘူး။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးက ဂုဏ်ထူးဆောင်အနေနဲ့ ဆက်နေမယ်ထင်တယ်။ နာမည်ရှေ့က ‘ဗိုလ်ချုပ်’ တွေ ဖြုတ်ပြီး ‘ဦး’ တွေ တပ်၊ အရပ်သားအစိုးရပုံနဲ့ လုပ်လိုက်တော့ မသိတဲ့သူတွေ မျက်စိလည်စရာပဲ။ သူ့သြဇာခံမယ့် သူတွေကိုရွေးပြီး အစိုးရသစ်ကို ဖန်တီးထားတာ။ ဦးသန်းရွှေတို့ကတော့ ဘေးကနေ မတော်မတရား မလုပ်အောင် ၀င်ပြောမယ်လို့ ကြားတာပဲ။ တိုက်ရိုက်အုပ်ချုပ်တာ မဟုတ်ပေမယ့် သွယ်ဝိုက်အုပ်ချုပ်မှာပါပဲ။ သူတို့က ရာထူးသြဇာ အကုန်စွန့်လိုက်တဲ့ပုံစံ လုပ်ပြလိုက်တာပါပဲ။ တကယ်တော့သူတို့ လုပ်ချင်သလိုလုပ်လို့ ရနေတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

Sunday, March 27, 2011

 မြို့ မတူရိယာအသင်းသည် ယခုနှစ်သင်္ကြန်ပွဲတော်တွင်း ငွေငန်းအလှပြယာဉ်ဖြင့် အစဉ်အလာမပျက် ဆင်နွှဲမည်ဖြစ်

မန္တလေးမြို့ရှိ မြို့မတူရိယာ အသင်းသည် ယခုနှစ်သင်္ကြန်ပွဲတော်တွင် ငွေငန်းအလှပြယာဉ်ဖြင့် အစဉ်အလာမပျက်ပါဝင်ဆင်နွှဲရန်အတွက် ယခင်နှစ်က အသုံးပြုခဲ့သော ငွေငန်းရုပ်အဟောင်း ကိုပင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ငွေငန်းရုပ် အပြောင်းအလဲ မရှိသော်လည်း အသင်း၏ ကားအလှဒီဇိုင်းကိုမူ အနည်းငယ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။ 

'' ကျွန်တော်တို့အသင်းအနေနဲ့ ဒီနှစ်သင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲဖို့အတွက် မတ်လ ၁၅ ရက်နေ့က သင်္ကြန်ကော်မတီဖွဲ့စည်းလိုက်ပါ တယ်။ အဲဒီလို ပါဝင်ဆင်နွှဲတဲ့နေရာမှာလည်း အပြောင်းအလဲအနေနဲ့ကတော့ သိပ်မရှိပါဘူး။ အသင်းရဲ့ ငွေငန်းရုပ်ကိုလည်း အရင်နှစ်က အရုပ်ကိုပဲနည်းနည်းပါးပါးပြုပြင်ပြီး သုံးသွားမှာပါ။ ဒါပေမယ့် ဒီနှစ်မှာနည်းနည်းထူးခြား တာကတော့ သင်္ကြန်တွင်းလှည့်ဖျော်ဖြေလေ့ရှိတဲ့ မြို့မအလှပြယာဉ်ရဲ့ ဒီဇိုင်းအလှကိုတော့ ပြောင်းလဲပြင်ဆင်သွားဖို့ ရှိပါတယ်။ ပြောင်းလဲမယ်ဆိုပေမယ့်လည်း ရိုးရာမပျက်ပြင်ဆင်မှာပါပဲ။ ပုံစံကရှေးမကျလွန်း၊ ခေတ်မကျလွန်းတဲ့ပုံပေါ့''ဟု တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။

Saturday, March 26, 2011

ရှမ်းပြည်အရှေ့ပိုင်း အားပြင်းငလျင် လူ ၁၀၀ ကျော်သေ

ငလျင် ဗဟိုချက်ပြုရာ ဒေသမြေပုံ (AP)
ရှမ်းပြည်အရှေ့ပိုင်း လွယ်မွေဒေသကို ဗဟိုပြု၍ ယမန်နေ့ညက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ရစ်ချတ်တာ စကေးရှိ ငလျင်ကြောင့် လူ ၁၀၀ ကျော် သေဆုံးနိုင်ကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။

ငလျင်သည် မြန်မာစံတော်ချိန် ည ၈ နာရီ ခွဲခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အနီးအနားတ၀ိုက်ရှိ တာချီလိတ်၊ တာလေ၊ မိုင်းလင်း စသည့် မြို့များတွင် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်သည်။

Tuesday, March 22, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် NDF ဒုတိယအကြိမ်တွေ့

၂၀၁၀ ဒီဇင်ဘာ လကုန်ပိုင်းက ရန်ကုန်မြို့တွင်
NDF ခေါင်းဆောင်များနှင့်တွေ့ဆုံပြီးပြန်လည်
ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို
တွေ့ရစဉ် (ဓာတ်ပုံ - AP)
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ခေါင်းဆောင်များ လွန်ခဲ့သည့် အပတ်က ဒုတိယအကြိမ် တွေ့ဆုံခြင်းသည် ခိုင်မာသည့် ဆက်ဆံရေး အတွက် ပထမခြေလှမ်းဖြစ်သည်ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေကပြော သည်။ 
“ဒီတခေါက် ဆွေးနွေးဖြစ်တာတွေက နိုင်ငံရေး ကိစ္စတွေပါတယ်၊ NDF ပါတီဖြစ်ခဲ့တာကို ရှင်းပြတယ်၊ နောက် ဒေါ်အောင်ဆန်း စုကြည်ကမေးတဲ့ လွှတ်တော်တွင်း ကျနော်တို့ပါတီရဲ့ အခြေအနေတွေ သေချာရှင်းပြတယ်၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ NDF ထဲဝင်ပြီး ဦးဆောင်မှာ မဟုတ်ပေမယ့် မြန်မာနိုင်ငံရေး ခေါင်းဆောင် တယောက်အနေနဲ့ ပါတီများ၏ ခေါင်းဆောင် အဖြစ် တက်လှမ်းလာမယ်လို့ မျှော်လင့်ထားပါတယ်။ လွှတ်တော် အတွင်းအပြင် နိုင်ငံရေး ကိစ္စတွေကို သေချာစိတ်ဝင်တစား ပွင့်ပွင့်လင်းလင်း ဆွေးနွေး ဖြစ်ခဲ့ပါတယ်”ဟု ဦးခင်မောင်ဆွေ က ဧရာဝတီ သို့ပြောသည်။

Monday, March 21, 2011

ရန်ကုန်လေဆိပ်၌ နိုင်ငံခြားပြန်များကို ခြိမ်းခြောက် ငွေညှစ်နေ


အပြည်ပြည်ဆိုင်ရာ ရန်ကုန်လေဆိပ
(ဓာတ်ပုံ - Freedom News Group)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အကောက်ခွန် ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး (လ၀က)၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော မြန်မာ အလုပ်သမားများထံမှ ခြိမ်းခြောက်၍ ငွေကြေးတောင်းခံမှုများ ပြုလုပ်လျက်ရှိကြောင်း ကြုံတွေ့ခဲ့ရ သူများက ပြောသည်။
မလေးရှား၊ စင်ကာပူ၊ ဂျပန်နှင့် ထိုင်းနိုင်ငံအပါအ၀င် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ပြီး ပြန်လည် ရောက်ရှိလာသော မြန်မာ အလုပ်သမားများကို လေဆိပ်တာဝန်ကျ အစိုးရ၀န်ထမ်းများက သက်ဆိုင်ရာ မြန်မာသံရုံးများတွင် ၀င်ငွေခွန်မဆောင် ခဲ့သည့်အတွက် ဖမ်းဆီးအရေးယူနိုင်သည်ဟု အကြောင်းပြခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသော မြန်မာ အလုပ်သမားများက ပြောဆိုကြသည်။

Saturday, March 19, 2011

စပွန်ဆာ သင်္ကြန်ခွေ အထွက်များလာ

၂၀၁၁ ခုနှစ် သင်္ကြန်တေးစီးရီး ထွက်ရှိမှုနှုန်းသည် ဆယ်စုနှစ်အတွင်း အများဆုံး ထွက်ရှိမှု ဖြစ်သည်ဟု တေးထုတ်လုပ်ရေးဈေး ကွက်မှ သိရသည်။

ယင်းသို့ အခွေထွက်ရှိမှုနှုန်းမြင့်တက်လာခြင်းသည် ခိုးကူးပြဿနာလျော့ပါးသွားခြင်းကြောင့်မဟုတ်ဘဲ  စီးပွားရေးလုပ်ငန်းရှင် များက ကြော်ငြာလိုသည့် သဘောဖြင့် စပွန်ဆာ (Sponsor)ပေး အရင်းအနှီးစိုက်ထုတ်လာမှုကြောင့်ဟု မန်းသီရိ တေးထုတ် လုပ်ရေးမှ တာဝန်ရှိသူ တဦးက ပြောသည်။

Wednesday, March 16, 2011

ကင်တာနာ အစီရင်ခံစာ NLD ထောက်ခံ

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ယမန်နေ့က ကျင်းပသည့် ၁၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံတွင် တင်သွင်းသော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ၏ အစီရင်ခံစာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ကြိုဆို ထောက်ခံလိုက်သည်။

NLD ဒု ဥက္ကဌ ဦးတင်ဦးက “မစ္စတာ ကင်တာနာ တင်ပြတာ အင်မတန် သင့်မြတ်တယ်။ ကုလသမဂ္ဂက ဦးစီးပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ငြိစွန်းနေတာ ဟုတ် မဟုတ် သေသေချာချာ ၀င်ရောက် စစ်ဆေးမှုမျိုး လုပ်ဖို့တောင်းဆိုတာဟာ အင်မတန် တရားမျှတတာကြောင့် ကျနော်တို့က ထောက်ခံကြိုဆိုတယ်၊ ဒါပေမယ့် ကြေညာချက် ထုတ်တာမျိုးတော့ လောလောဆယ် မရှိသေးဘူး”ဟု ပြောကြားသည်။

Monday, March 14, 2011

ဒီမိုကရက်တစ် အမတ်များ ဆွေးနွေးချက် ဆင်ဆာဖြတ်

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး (ဓာတ်ပုံ - ရိုက်တာ)
လတ်တလော ကျင်းပနေသော လွှတ်တော် အစည်းအဝေးများတွင် ဒီမိုကရက်တစ် လွှတ်တော် အမတ်များ၏ ပြောဆို ဆွေးနွေးမှုများကို ဆင်ဆာဖြတ်၍ စစ်အစိုးရ သတင်းစာများက ဖော်ပြကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

“ကျနော်တို့ ပြောတာတွေက ၁၀ ရာခိုင်နှုန်းလောက်ပဲ သတင်းစာမှာ ဖော်ပြတာတွေ့တယ်၊ ပြည်သူတွေကတော့ ကျနော်တို့ပြောတာတွေကို ဖတ်ပြီး ဟားနေကြမှာ သေချာတယ်”ဟု ဆင်ဆာဖြတ်ခံရသူ ကိုယ်စားလှယ် တဦးက ဧရာဝတီကို ပြောသည်။

Sunday, March 13, 2011

နိုင်ငံ့ဥသျှောင်ဥက္ကဋ္ဌ စစ်တပ်ကို တိုက်ရိုက်အုပ်ချုပ်မည်

နိုင်ငံ့ဥသျှောင် အဖွဲ့ ခေါင်းဆောင်များ (ဓာတ်ပုံ - အေပီ)
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံ့ဥသျှောင်အဖွဲ့၏ ဥက္ကဋ္ဌရာထူးဖြင့် တပ်မတော်ကို တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပြောင်းပေးမည် ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးစီးသော နိုင်ငံ့ဥသျှောင် အဖွဲ့၏ ညွှန်ကြားမှု အောက်တွင်သာ စစ်တပ်ကို ကြီးကြပ်ကွပ်ကဲ ရမည်ဖြစ်ကြောင်း၊ အရေးပါပြီး အဓိကကျသော ဆုံးဖြတ်ချက်၊ အမိန့်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကသာ ချမှတ်မည်ဖြစ်ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်းက ပြောဆိုကြသည်။

Thursday, March 10, 2011

အင်းစိန်ထောင်၌ အခွင့်ထူးခံ အကျဉ်းသားများရှိနေ

နိုင်ငံတော်ပုန်ကန်မှု၊ စီးပွားရေး၊ မူးယစ်ဆေးဝါးမှုများဖြင့် ထောင်ဒဏ်နှစ်ရှည် ကျခံနေကြရသော ငွေကြေး တတ်နိုင်သည့် အကျဉ်းသားများသည် ထောင်အပြင်သို့ လွတ်လပ်စွာထွက်ခွင့်၊ ကွန်ပျူတာ လက်ပ်တော့နှင့် လက်ကိုင်ဖုန်းသုံးစွဲခွင့် စသည့် အထူးအခွင့် အရေးများ ရနေကြသည်ဟု သတင်းရရှိသည်

ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၅ နှစ်ကျခံ နေရသည့် စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်သည် နေ့စဉ် အကျဉ်းထောင်ပြင်ပ ထွက်ခွင့်ရနေကာ လက်ကိုင်ဖုန်း တလုံးနှင့် ၎င်း၏ စီးပွားရေး လုပ်ငန်းများကို ညွှန်ကြားနေကြောင်း၊ အရက်နှင့် မူးယစ်ဆေးဝါးများကိုလည်း လိုအပ်သလို သုံးစွဲနေကြောင်း အင်းစိန်ထောင် အကျဉ်း ဦးစီးဋ္ဌာနမှ ၀န်ထမ်းမိသားစုဝင် တဦးက ဧရာဝတီကို ပြောသည်။

Wednesday, March 9, 2011

ထောက်လှမ်းရေး တပ်ဖွဲ့ တိုးချဲ့ရန် ပြင်ဆင်နေ

အာရပ်နိုင်ငံများတွင် ဖြစ်ပွားနေသော လူထုလှုပ်ရှားမှု ဂယက်များ မြန်မာနိုင်ငံသို့ ကူးစက်လာပါက နှိမ်နှင်းရန်အတွက် ထောက်လှမ်းရေး တပ်ဖွဲ့များ တိုးချဲ့ရန် စစ်အစိုးရက ပြင်ဆင်လျက် ရှိသည်။

အရှေ့အလယ်ပိုင်း ဒေသတွင် ဖြစ်ပွားနေသော လှုပ်ရှားမှုများက တရုတ်နိုင်ငံအထိ ကူးစက်လာသည့်အတွက် အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့(NIB)ကို ပြန်လည် ဖွဲ့စည်းရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အခြား ထိပ်တန်း စစ်ခေါင်းဆောင် ၆ ဦး တို့က ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း စစ်တပ် အသိုင်းအ၀န်းက ဆိုသည်။

Friday, March 4, 2011

မြန်မာ့အရေး နယူးဒေလီတွင် ဆွေးနွေး

မြန်မာပြည် ဒီမိုကရေစီပြောင်းလဲရေး
ကွန်ဖရင့်၏ မနက်ပိုင်းတွင် ပြုလုပ်သည့် 
စားပွဲဝိုင်းဆွေးနွေးပွဲ (ဓာတ်ပုံ - မဇ္ဈိမ)
မြန်မာနိုင်ငံ ဒီမိုကရေစီရေးဆိုင်ရာ ညီလာခံတရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီရှိ Zakir Husain ကောလိပ်၌ ကြာသပတေးနေ့တွင် စတင်လိုက်သည်။

၂ ရက်ကြာ ကျင်းပမည့် ညီလာခံသို့ ဒေလီနှင့် နေရူး တက္ကသိုလ်များမှ ပါမောက္ခများ၊ အိန္ဒိယ နိုင်ငံရေးသမားများနှင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများ တက်ရောက်ဆွေးနွေးခြင်း ဖြစ်သည်။ 
မြန်မာ့ဒီမိုကရေစီရေးအတွက် မည်သို့လုပ်ကိုင်သင့်ကြောင်းစားပွဲဝိုင်းဆွေးနွေးပွဲကို မနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ သဘာပတိဖြစ်သူ နိုင်ငံခြားရေး အတွင်းဝန်ဟောင်း မစ္စစ် Shyam Saran က “အခု (မြန်မာ) အစိုးရသစ်က People to people ပေါ့။ အိန္ဒိယနဲ့ မြန်မာ ပြည်သူလူထုချင်း ဆက်ဆံမှု တိုးမြှင့်သင့်တယ်” ဟု ပြောဆိုခဲ့သည်။

Wednesday, March 2, 2011

မှတ်ပုံတင်မူရင်း မပါသူများ နေပြည်တော်ဝင်ခွင့်မရှိ

အနယ်နယ် အရပ်ရပ်မှ လာသူများအား မှတ်ပုံတင် မူရင်းမပြနိုင်ပါက နေပြည်တော်သို့ အ၀င်မခံဘဲ ပြန်လွှတ်နေကြောင်း သိရသည်။

“ကျနော်စီးလာတဲ့ ကားပေါ်မှာ အမျိုးသမီး တယောက်က မှတ်ပုံတင် မူရင်းပါမလာလို့ နေပြည်တော် ထဲကို ၀င်ခွင့် မပြုဘူး။ စီလမ်းဆုံက စစ်ဆေးရေးဂိတ်မှာပဲ နေခဲ့ရတယ်။ မှတ်ပုံတင် မိတ္တူ ပြတော့လည်း မရဘူးတဲ့။ တကယ်ဆိုရင် မှတ်ပုံတင်မူရင်းနဲ့မှ နေပြည်တော်ထဲ ၀င်ခွင့်ပြုမယ်ဆိုရင်လည်း ကြိုတင်ကြေညာ သင့်ပါတယ်” ဟု ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မှ နေပြည်တော်သို့ သွားခဲ့သည့် ခရီးသွားတဦးက ပြောသည်။