Sunday, March 27, 2011

 မြို့ မတူရိယာအသင်းသည် ယခုနှစ်သင်္ကြန်ပွဲတော်တွင်း ငွေငန်းအလှပြယာဉ်ဖြင့် အစဉ်အလာမပျက် ဆင်နွှဲမည်ဖြစ်

မန္တလေးမြို့ရှိ မြို့မတူရိယာ အသင်းသည် ယခုနှစ်သင်္ကြန်ပွဲတော်တွင် ငွေငန်းအလှပြယာဉ်ဖြင့် အစဉ်အလာမပျက်ပါဝင်ဆင်နွှဲရန်အတွက် ယခင်နှစ်က အသုံးပြုခဲ့သော ငွေငန်းရုပ်အဟောင်း ကိုပင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ငွေငန်းရုပ် အပြောင်းအလဲ မရှိသော်လည်း အသင်း၏ ကားအလှဒီဇိုင်းကိုမူ အနည်းငယ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။ 

'' ကျွန်တော်တို့အသင်းအနေနဲ့ ဒီနှစ်သင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲဖို့အတွက် မတ်လ ၁၅ ရက်နေ့က သင်္ကြန်ကော်မတီဖွဲ့စည်းလိုက်ပါ တယ်။ အဲဒီလို ပါဝင်ဆင်နွှဲတဲ့နေရာမှာလည်း အပြောင်းအလဲအနေနဲ့ကတော့ သိပ်မရှိပါဘူး။ အသင်းရဲ့ ငွေငန်းရုပ်ကိုလည်း အရင်နှစ်က အရုပ်ကိုပဲနည်းနည်းပါးပါးပြုပြင်ပြီး သုံးသွားမှာပါ။ ဒါပေမယ့် ဒီနှစ်မှာနည်းနည်းထူးခြား တာကတော့ သင်္ကြန်တွင်းလှည့်ဖျော်ဖြေလေ့ရှိတဲ့ မြို့မအလှပြယာဉ်ရဲ့ ဒီဇိုင်းအလှကိုတော့ ပြောင်းလဲပြင်ဆင်သွားဖို့ ရှိပါတယ်။ ပြောင်းလဲမယ်ဆိုပေမယ့်လည်း ရိုးရာမပျက်ပြင်ဆင်မှာပါပဲ။ ပုံစံကရှေးမကျလွန်း၊ ခေတ်မကျလွန်းတဲ့ပုံပေါ့''ဟု တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။

မြို့မငွေငန်းအလှပြယာဉ်၏ ပုံစံမှာ နှစ်ပေါင်း ၈၀ ကျော်အစဉ်အလာအတိုင်း ရေလှိုင်းပေါ်တွင် ငွေရောင်ငန်းလေးလူးနေသည့် ပုံစံဖြစ်ပြီး ယခုနှစ်ပြင်ဆင်မည့်ပုံစံမှာလည်း ထိုပုံစံကို အခြေခံ၍ပင် အနည်းငယ်ပြင် ဆင်သွားမည်ဖြစ်ကြောင်း၊ အရောင်အသုံးပြုရာတွင် စိမ်း၊ ၀ါ၊ပြာစသည့် အရောင်များကိုသာ အသုံးပြုမည်ဖြစ်ကြောင်း၊ အသင်း၏ငွေငန်းရုပ်မှာ လည်း ယမန်နှစ်သင်္ကြန်မတိုင်မီက ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ကြီးကြီးမားမား ပျက်စီးမှုမရှိသေးကြောင်းနှင့် ယခုနှစ်သင်္ကြန်ပွဲတော် တွင် သီချင်းအသစ်ခြောက်ပုဒ် ပါဝင် ဆင်နွှဲသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
သင်္ကြန်သီချင်းအသစ်များနှင့် ပတ်သက်၍ ''ဒီနှစ်သင်္ကြန် သီချင်း အသစ်ခြောက်ပုဒ်ကို ပရိသတ်အရှေ့ ချပြသွားပါမယ်။ သီချင်းတွေကို မောင်မောင်စိန်(မြို့မ)က ရေးဖွဲ့ထားတာပါ။ နောက်ပြီးအရင်တုန်းက မှေးမှိန်သွားတဲ့သီချင်းတွေကိုလည်း ပြန်လည်ဖော်ထုတ်သွားဖို့ အစီအစဉ်ရှိပါ တယ်''ဟု  ဆက်လက်ပြောပါသည်။ (source by www.news-eleven.com)

No comments:

Post a Comment