Tuesday, December 28, 2010

ကောင်းသော မင်္ဂလာနှစ်သစ် ၂၀၁၁

မြန်မာပြည်တွင်း နဲ့ နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်သူပြည်သားများနဲ့ နိုင်ငံတကာမှာ ရှိကြတဲ့ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် မိမိတို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဆောက်ရွက်ပေးနေကြသူအားလုံးကို မင်္ဂလာပါလို့ ရာဇ၀င် ဘလောက် မှ နှုတ်ခွန်းဆက်လိုက်ပါတယ်။

ကုန်လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးလှတဲ့ နှစ်တနှစ် ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာလ (၇)ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာပြည်က ရွေးကောက်ပွဲဟာ စိန်ခေါ်မှုတွေ၊ မျှော်လင့်ချက်တွေ ရှိခဲ့သလို စိတ်ပျက်စရာတွေနဲ့လည်း ကြုံခဲ့ရတာအမှန်ပါ။


ဒီလို ရှက်စရာကောင်းလှတဲ့ ရွေးကောက်ပွဲကြီး ပြီးသွားတဲ့အချိန်မှာ ကျနော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့ပြီး မြန်မာပြည်သူများနဲ့အတူ တကမ္ဘာလုံးက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ် (စစ်အစိုးရနဲ့ အပေါင်းအပါများမပါ)။ သူမ လွတ်မြောက်လာခြင်းဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ကောင်းတဲ့လကဏာတရပ် ဖြစ်ပေမဲ့လည်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရတဲ့ (၂၁၈၆)ယောက်သော အကျဉ်းသားတွေဟာ မြန်မာနိုင်ငံအနှံ့အပြားက ထောင်တွေထဲမှာ ရှိနေသေးတယ်ဆိုတာကိုတော့ မေ့ထားကြလို့မရပါဘူး။

အခုလို နှစ်သစ်ကူးအခါသမယ အားလပ်ရက်အချိန်မှာ ကျနော်တို့တတွေဟာ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း များနဲ့ ရှိနေချိန်မှာ နှစ်ထောင်ကျော်သော နိုင်ငံရေးအကျဉ်းသားများဟာ ကြမ်းတမ်းခက်ထန်လှတဲ့၊ ကြမ်းကြုတ်လှတဲ၊့ သနားကြင်နာမှု ကင်းမဲ့လှတဲ့ နအဖ စစ်အာဏာရှင်တွေနဲ့ အကျဉ်းထောင်တွေအနှံ့မှာ ရင်ဆိုင်နေကြရမှာပါ။ ဒါကြောင့်မို့ လာမဲ့နှစ်သစ်မှာ သူတို့တတွေအားလုံး အမှန်တကယ် လွတ်မြောက်ဖို့ အတွက် တက်ညီလက်ညီ ကြိုးစားလုပ်ဆောင်ဖို့ဟာ ကျနော်တို့တတွေရဲ့ အဓိကတာဝန်တခုဖြစ်တယ် ဆိုတာကို သိထားဘို့ လိုပါတယ်။

နအဖ စစ်အစိုးရအနေနဲ့လည်း လူမှုရေး၊ နိုင်ငံရေးတွေမှာ အမှန်တရားအတွက် ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့ကြပြီး မတရား ဖမ်းဆီးခြင်းကိုခံထားရတဲ့သူတွေအားလုံးကို အမြန်ဆုံး လွှတ်ပေးဘို့နဲ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ တိုင်းရင်းသားအားလုံးပါဝင်တဲ့ စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲကို စတင်ဘို့ လိုအပ်ပါတယ်။ ဒီလို တွေ့ဆုံဆွေးနွေးခြင်းဟာ မြန်မာပြည်မှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် အင်မတန်မှ အရေးတကြီးလိုအပ်လှတဲ့ ကိစ္စတခုဖြစ်ပါတယ်။

ဒါကြောင့်မို့ လာမဲ့ နှစ်သစ်မှာ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီစံနစ် ဖြစ်တည်လာရေးအတွက် ကျနော်တို့တတွေအားလုံး မိမိတို့ တတ်နိုင်တဲ့နေရာကနေ အုတ်တချပ်၊ သဲတပွင့်ပမာ ပါဝင်လုပ်ဆောင်ကြပါ၊ အားပေးကူညီကြပါလို့ တိုက်တွန်းရင်း၊ ကောင်းသော မင်္ဂလာနှစ်သစ် ၂၀၁၁ ပါလို့ ထပ်မံနှုတ်ခွန်းဆက်သ လိုက်ရပါကြောင်း။ ။ (ရာဇ၀င်)

(မူလစာမျက်နှာသို့ )

No comments:

Post a Comment