Saturday, February 5, 2011

ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန် သမ္မတ ဖြစ်လာ

ယနေ့ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ဥက္ကဋ္ဌ၊ စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်း ဦးသိန်းစိန်အား နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ် လိုက်သည်။

လွှတ်တော်က ကြံ့ဖွံ့ပါတီ၏ လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ဖြစ်သည့်  ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးအား ဒုသမ္မတ ၁ အဖြစ်လည်းကောင်း၊ ကြံ့ဖွံ့ပါတီဝင် ရှမ်းတိုင်းရင်းသား ဒေါက်တာ စိုင်းမောက်ခမ်း အား ဒုသမ္မတ ၂ အဖြစ်လည်းကောင်း တင်မြှောက်ခဲ့သည်။

သမ္မတ ရွေးချယ်ရာ၌ ဦးသိန်းစိန်က ထောက်ခံမဲ ၄၀၈ မဲ၊ ဦးတင်အောင်မြင့်ဦးက ၁၇၁ မဲနှင့် ဒေါက်တာ စိုင်းမောက်ခမ်း က ၇၅ မဲဖြင့် ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး အစိုးရသစ်ကို ယခုလ ၈ ရက်နေ့တွင် ဖွဲ့စည်းသွားမည်ဖြစ်သည်။

အသက် ၆၅ နှစ်ရှိ ဦးသိန်းစိန် သည် ၂၀၁၀ ပြည့်နှစ် ဧပြီလတွင် စစ်တပ်ဗိုလ်ချုပ်ကြီး ရာထူးမှ အနားယူ၍ အရပ်ဘက်သို့ ပြောင်းကာ ကြံ့ဖွံ့ပါတီကို တည်ထောင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ဝင်ခဲ့သည်။

၁၉၆၈ ခုနှစ်တွင် DSA အပတ်စဉ် ၉ မှ ကျောင်းဆင်းခဲ့ပြီး ၁၉၉၇ တွင် ရှမ်းပြည် (တြိဂံဒေသတိုင်း စစ်ဌာနချုပ်) ၏ တိုင်းမှူး တာဝန် ထမ်းဆောင်ခဲ့သည်။ ထောက်လှမ်းရေး အကြီးအကဲ၊ ၀န်ကြီးချုပ်  ဗိုလ်ချုပ်ကြီး ခင်ညွန့်အား ၂၀၀၄ ခုနှစ်တွင် ရာထူးမှ ဖြုတ်ချခံရပြီးနောက် နအဖ အစိုးရ အဖွဲ့၏ အတွင်းရေးမှူး ၁ ရာထူးကို ဦးသိန်းစိန် ရရှိခဲ့သည်။

၂ဝဝ၇ ခုနှစ် တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန်ပြီးနောက် ဦးသိန်းစိန်သည် နိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်လာကာ အရှေ့တောင်အာရှနိုင်ငံများ၊ နိုင်ငံတကာ အစည်းအဝေးများသို့  မြန်မာ အစိုးရ ကိုယ်စားပြု၍ တက်ရောက်ခဲ့သည်။

“သူ့ကို သမ္မတ အဖြစ်ရွေးရတာက ပါတီဥက္ကဋ္ဌ ဖြစ်တာရယ်၊ ၀န်ကြီးချုပ်ဖြစ်တာရယ်၊ နိုင်ငံတကာ အတွေ့အကြုံများပြီး စာဖတ်အား ကောင်းတာ တွေရယ်ကြောင့်ပါ” ဟု ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောသည်။

ဒုသမ္မတ ရာထူးအတွက် အမည်တင်သွင်းခံရသော်လည်း အရွေးချယ် မခံခဲ့ရသူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က “ပါလီမန်ထဲမှာ ကြံ့ခိုင်ရေးတွေက အများစုဆိုတော့ အခုလို ဖြစ်လာတာ မအံ့သြပါဘူး။ ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေကို စိတ်ရှည်ကြပါ၊ တိုင်းရင်းသာများအရေးကို ကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

လာမည့် အင်္ဂါနေ့တွင်  အစိုးရသစ် ဖွဲ့စည်းပြီးပါက နအဖ၏ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံသစ်” ဆိုသည့် လမ်းပြမြေပုံ ၇ ရပ် ပြီးဆုံးမည်ဖြစ်ကာ နအဖ အစိုးရလည်း ပျက်ပြယ် သွားမည် ဖြစ်သည်။

စစ်အစိုးရ၏ လမ်းပြမြေပုံ ဖြစ်စဉ် တခုလုံးသည် အရပ်သားအမည်ခံကာ စစ်အာဏာရှင် စနစ်ကို ပိုမိုခိုင်မြဲစေရန် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု လူအများက ဝေဖန်နေကြသည်။

တနင်္လာနေ့က စတင်ကျင်းပခဲ့သော လွှတ်တော် အစည်းအဝေးများအား ပြည်သူလူထုက စိတ်ဝင်စားမှု နည်းပါးခဲ့သည်။

“တိုင်းပြည်အတွက် အပြောင်းအလဲ ဘာမှ မတွေ့ရပါဘူး။ ဒီလူနဲ့ဒီလှေပါပဲ။ ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ့် အခြေအနေ ကိုလည်း မတွေ့ရပါဘူး” ဟု ရန်ကုန်မြို့၌ ပန်းချီပြခန်း ဖွင့်လှစ်ထားသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဘိုဘိုဦးက ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲမှ အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော် ရထားသော ကြံ့ဖွံပါတီနှင့် လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်း နေရာယူထားသော စစ်တပ်သည် လွှတ်တော် အသီးသီး၌ လွှမ်းမိုးထား၍ မည်သည့် အတိုက်အခံ လွှတ်တော်အမတ်ကမှ ဒုသမ္မတ ရာထူးကို မရရှိခဲ့သည့်နည်းတူ ၂၀၁၀ ရွေးကောက်ပွဲအား သပိတ် မှောက်ပြီးနောက် ပါတီ ဖျက်သိမ်းခံထားရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည်လည်း လွှတ်တော်၌ ကိုယ်စားပြု ပါဝင်ခြင်း မရှိပေ။

စစ်အစိုးရ၏ ယမန်နေ့ထုတ် သတင်းစာများ တွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အွန်လိုင်း မှနေ၍ ဒုတိယ ပင်လုံခေါ်ယူရေးအကြောင်း ပြောဆိုခြင်းကို အံ့သြသည်ဟု ရှုတ်ချကာ သွယ်ဝိုက် သတိပေး ရေးသားထားသည်။ (ဧရာဝတီ)

No comments:

Post a Comment