တိုင်းပြည်တွင် လိုအပ်နေသည့် တိုင်းရင်းသားများ ညီညွတ်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ကြပါရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စနေနေ့ တွင် တိုက်တွန်းလိုက်သည်။
၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်၌ ကျင်းပခဲ့ရာ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

’’ကျမတို့နိုင်ငံမှာ ဆိုလို့ရှိရင် အင်မတန်မှ ညီညွတ်ရေးကို လိုအပ်နေပါတယ်။ ... ကျမတို့အားလုံးဟာ မှန်မှန်ကန်ကန်နဲ့ တကယ့်ကို ညီညွတ်တဲ့ ပြည်ထောင်စုကြီး ထူထောင်ဖို့ ဒီနေ့ ပြည်ထောင်စုနေ့မှ သံဓိဋ္ဌာန်ချဖို့ လိုပါတယ်။ ဒီလိုပြည်ထောင်စုကြီး ထူထောင်ဖို့ဆိုတာ တိုင်းရင်းသားများအားလုံး ပါဝင်ဖို့ လိုပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားတွင် ပြောကြားခဲ့သည်။
မနက် ၈ နာရီတွင် နွေဦးအိုးဝေ နံရံကပ်စာစောင်ဖွင့်ပွဲကို ကဗျာဆရာ ဖျာပုံနီလုံဦးနှင့် မုံရွာအောင်ရှင်က ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှ NLD အဖွဲ့ဝင်များက ကရင်ဒုံယိမ်းအက၊ ရန်ကုန်တိုင်းမှ မြန်မာအိုးစည်ဝိုင်းနှင့် ရှမ်းပြည်နယ်မှ NLD ပါတီဝင်များက ရှမ်းရိုးရာအကဖြင့် ဖျော်ဖြေခဲ့ကြပြီး၊ ပြည်ထောင်စုနေ့ အခမ်းအနားကို မနက် ၁၁ နာရီတွင် စတင်ကျင်းပခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ညီညွတ်ရေး၏ အခြေခံလိုအပ်ချက်မှာ တရားဥပဒေ စိုးမိုးရေးဖြစ်သဖြင့် အဆိုပါ ဥပဒေစိုးမိုးရေးကို လုပ်ဆောင်ပါရန်လည်း ပြောဆိုခဲ့သည်။

NLD သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က “ဒီမိုကရေစီနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု စိတ်ဓာတ်တွေ ရှင်သန်အောင် လုပ်ရမယ်၊ အဲဒီလို ရှင်သန်အောင်လုပ်တဲ့ အချိန်မှာ တရားဥပဒေစိုးမိုးဖို့ လိုအပ်တယ်၊ တရားဥပဒေ ရှေ့မှောက်မှာ တိုင်းရင်းသားအားလုံး အညီအမျှ ခံစားပိုင်ခွင့် ရှိရမယ်တဲ့” ဟု မဇ္ဈိမကို ပြောသည်။
NLD ခေါင်းဆောင်များနှင့် ပါတီဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင်များ၊ ၀ါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များ၊ သံတမန်များသာမက ပြည်နယ်အချို့မှ တိုင်းရင်းသားများကလည်း ရိုးရာဝတ်စုံများဖြင့် အခမ်းအနားတက်ခဲ့ရာ စုစုပေါင်း လူဦးရေ ၄၀၀ ကျော် ရှိသည်။ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက အခမ်းအနား သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “အရင် ၆၄ နှစ်တုန်းကဆိုရင် ကျမတို့ရဲ့ အမျိုးသား ခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်ကြီးများဟာ အဆန်းအသစ်ဖြစ်တဲ့ ပြည်ထောင်စုဆိုတဲ့ ကိစ္စကို အားလုံးလက်တွဲပြီးတော့ လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်။ ဒီအသစ်အဆန်း အတွေးအခေါ်ကို မိမိရရ ဆုပ်ကိုင်ပြီးတော့ ရဲရဲဝံ့ဝံ့ အကောင်အထည် ဖော်ခဲ့ကြတယ်။ အဲဒီတော့ ကျမတို့က ဆက်လုပ်ကြရမယ်။ အတွေးအခေါ်သစ်တွေနဲ့ ကျမတို့ ရင်ဆိုင်ရမယ်။ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတွေကို သတ္တိရှိရှိနဲ့ လုပ်ရမယ်’’ ဟု တိုက်တွန်းစကား ပြောကြားခဲ့သေးသည်။
ဧရာဝတီတိုင်း ဘိုကလေးမြို့မှ NLD ပါတီ အမျိုးသမီးတာဝန်ခံ မမိမိခိုင်က “အန်တီစုက ပြောတဲ့ စကားထဲမှာ ဘယ်အရာကိုပဲဖြစ်ဖြစ်၊ ကိုယ်လုပ်မယ်ဆိုတဲ့အခါမှာ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ အတွေးမျိုး ဘယ်တော့မှ မတွေးနဲ့၊ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ လုပ်ပါတဲ့။ ဒီစကားလေးတခွန်းကို ကျမအနေနဲ့ အရမ်းကို သဘောကျတယ်။ အဲဒီစကားကို အမြဲတမ်း လိုက်နာဆောင်ရွက်မယ်လို့ ကျမ ဆုံးဖြတ်ထားပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်း၍ အင်္ဂလိပ်ထံမှ လွတ်လပ်ရေး ရယူနိုင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်များက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံ၌ အစည်းအဝေး ကျင်းပခဲ့ရာ ထိုနေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ (မဇ္ဈိမ)

No comments:
Post a Comment