Friday, May 20, 2011

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာ
ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျိုးဇက်ယွန်း
နှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့
မေလ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်
တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းဌာနများနှင့် တွေ့ဆုံနေပုံ (AFP)
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းဟာ မေလ ၁၉ ရက် ဒီကနေ့ ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်၊ NLD ဗဟိုအလုပ်ဆောင် အဖွဲ့ဝင်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု CRPP အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ 

အဲဒီလိုတွေ့ဆုံရာမှာ လက်ရှိအစိုးရရဲ့ အနေ အထား အပြင်၊ နိုင်ငံရေး အကျဉ်းသားတွေ အရေးလည်း ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ ညနေ ၆ နာရီက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုသွားကြောင်း သိရပါတယ်။ သတင်းစာရှင်းပွဲမှာ ရှိနေတဲ့ ဂျာနယ် သတင်းထောက် တဦးက အခုလို ပြောပြပါတယ်။ 

“အန်တီပြောတာတော့ ဆွေးနွေးတဲ့ဟာက ဒီအစိုးရအပေါ် သူတို့ရဲ့ သဘောထားရယ်၊ နောက်တော့ အစိုးရသစ်ရဲ့ အနေအထား၊ နောက်ပြီးတော့ နိုင်ငံရေး အကျဉ်းသား ကိစ္စရယ်၊ အဲဒီ ပွိုင့်နှစ်ခုကို ဆွေးနွေးကြတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဘယ်လို မြင်တယ် ဘာတယ်ကျတော့ အမေရိကန် အစိုးရက ဘယ်လို မြင်တယ်ကျတော့ သူတို့ပဲ မေးကြည့်ပါတဲ့။ ဟိုဒင်းကတော့ သူက သိပ်မပြောပါဘူး။ သူက တခွန်းနှစ်ခွန်းပြောပြီး အဲဒီ နိုင်ငံခြားရေးဝန်ကြီးက တခွန်းနှစ်ခွန်း ပြောပြီး သူထွက်သွားတယ်။ နောက်ပိုင်း အန်တီနဲ့ပဲ ပြောကြတာ၊ အမေးအဖြေ လုပ်ကြတာ။

မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းနဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ ၇ ဦးဟာ တက္ကသိုလ် ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ညနေ လေးနာရီလောက်က တွေ့ဆုံခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်တို့နဲ့ တနာရီကြာတွေ့ဆုံပြီးတဲ့နောက် NLD ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်တွေ၊ CRPP အဖွဲ့ဝင်တွေနဲ့ ဆက်လက် တွေ့ဆုံခဲ့ပါတယ်။ ညနေ ၆ နာရီလောက်မှာ ဆွေးနွေးပွဲတွေ ပြီးဆုံးသွားပြီး သတင်းစာရှင်းပွဲ ကျင်းပခဲ့ရာမှာ ပြည်တွင်းက ဂျာနယ် သတင်းထောက်တွေ၊ နိုင်ငံခြား သတင်းထောက်တွေ စုစုပေါင်း ၅၀ ကျော် တက်ရောက်ကြပါတယ်။ 

သတင်းစာရှင်းပွဲအပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ဆက်လက် စည်းဝေးခဲ့ကြတယ်လို့ သိရပါတယ်။ (RFA)

No comments:

Post a Comment