Monday, October 10, 2011

အမျိုး​သမီး​ သုံး​ဦး​ နိုဘယ်လ်ဆုချီး​မြှင့်​ခံရ

အလ်လန်ဂျွန်ဆင် ဆာလစ်ဖ်၊ တာဝါကူးခါမန်း၊ လေးမန်ဘိုဗင်း
၂၀၁၁ ခုနှစ်အတွက် ငြိမ်း​ချမ်း​ရေး​နိုဘယ်လ်ဆုကို လိုက်​ဘေး​ရီး​ယား​နိုင်ငံက အမျိုး​သမီး​နှစ်ဦး​ နဲ့​ယီမင်နိုင်ငံက အမျိုး​သမီး​ တဦး​ကို ​နော်​ဝေ နိုဘယ်လ်ဆု ​ရွေး​ချယ်​ရေး​ကော်မတီက ပူး​တွဲ ​ရွေး​ချယ်ဆုချီး​မြှင့်​လိုက်ပါတယ်။

နော်​ ဝေနိုင်ငံ နိုဘယ်လ်ဆု​ရွေး​ချယ်​ရေး​ကော်မတီက လိုက်​ဘေး​ရီး​ယား​ အမျိုး​သမီး​သမ္မတ အလ်လန်ဂျွန်ဆင် ဆာလစ်ဖ် Ellen Johnson-Sirleaf နဲ့​ တနိုင်ငံတည်း​သား​ ပြည်တွင်း​စစ်ရပ်စဲ​ရေး​စည်း​ရုံး​လှုပ်ရှား​သူ Leymah Gbowee ​လေး​မန်ဘိုဗင်း​ နဲ့​ ယီမင်နိုင်ငံက အမျိုး​သမီး​အခွင့်​အ​ရေး​နဲ့​ ဒီမိုက​ရေစီ​ရေး​ တက်ကြွလှုပ်ရှား​သူ တာဝါကူး​ခါမန်း​ Tawakkul Karman တို့​ကို ညီတူမျှတူ ခွဲ​ဝေ ​ပေး​အပ်လိုက်တဲ့​အ​ကြောင်း​ ဒီက​နေ့​ ထုတ်ပြန်​ကြေညာသွား​ခဲ့​ပါတယ်။



အမျိုး​သမီး​ သုံး​ဦး​ဟာ အမျိုး​သမီး​တွေဘဝ ​ဘေး​ကင်း​လုံခြုံ​ရေး​နဲ့​ ငြိမ်း​ချမ်း​ရေး​တည်​ဆောက်တဲ့​နေရာမှာ အမျိုး​သမီး​တွေ အခွင့်​အ​ရေး​အပြည့်​အဝနဲ့​ ပါဝင်နိုင်​ရေး​အတွက် အကြမ်း​မဖက်တဲ့​လှုပ်ရှား​မှု ​ဆောင်ရွက်ချက်ကို ဂုဏ်ပြုချီး​မြှင့်​တယ်လို့​ နိုဘယ်လ်ဆု​ရွေး​ချယ်​ရေး​ကော်မတီက ​ပြောပါတယ်။


ဒါ့​အပြင် လူ့​အဖွဲ့​အစည်း​ အဆင့်​ဆင့်​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် ပါဝင်​ဆောင်ရွက်ခွင့်​မှာ အမျိုး​သမီး​တွေဟာ အမျိုး​သား​တွေနဲ့​ တန်း​တူအခွင့်​အ​ရေး​ မရဘူး​ဆိုရင်​တော့​ ဒီမိုက​ရေစီနဲ့​ ​ရေရှည်ငြိမ်း​ချမ်း​ရေး​ကို ရရှိမှာ မဟုတ်ပါဘူး​လို့​ လည်း​ ဆိုပါတယ်။


ခုလို အမျိုး​သမီး​တွေကို နိုဘယ်လ်ဆု ​ရွေး​ချယ်​ပေး​အပ်လိုက်တာဟာ ကမ္ဘာတဝန်း​က အမျိုး​သမီး​တွေကို အထူး​သဖြင့်​ ဖွံ့​ဖြိုး​ဆဲနိုင်ငံ​တွေက အမျိုး​သမီး​တွေကို အား​တက်​စေမှာဖြစ်ပါတယ်။


သံမဏိ အမျိုး​သမီး​ကြီး​လို့​လူသိများ​တဲ့​ အသက် ၇၀ အရွယ် အလ်လန်ဂျွန်ဆင် ဆာလစ်ဖ်ဟာ အာဖရိကရဲ့​ပထမဆုံး​ အမျိုး​သမီး​သမ္မတဖြစ်ပြီး​ လာမယ့်​သီတင်း​ပတ်မှာ ကျင်း​ပမယ့်​ သမ္မတ ​ရွေး​ကောက်ပွဲမှာ ပြန်လည်အ​ရွေး​ခံဖို့​ပြင်ဆင်မှု​တွေပြုလုပ်​နေသူ ဖြစ်ပါတယ်။


အယ်လန်ဂျွန်ဆင်ဆာလစ်အ ​နေနဲ့​ နိုဘယ်လ်ဆုကရရှိမယ့်​ ဆု​ကြေး​အ​မေရိကန်​ဒေါ်လာ ၁သန်း​ခွဲကို ဆုရသူ ၃ ဦး​နဲ့​အတူ ညီတူမျှတူ ခွဲ​ဝေယူရမှာဖြစ်ပါတယ်။ (DVB)

No comments:

Post a Comment