photo-reuters |
ဒီကနေ့ ပြုလုပ်တဲ့ ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ပထမနေ့မှာ ခုလို သဘောတူညီချက် ရလိုက်တာပါ။
မြန်မာ အာဆီယံဥက္ကဋ္ဌလုပ်ဖို့ သဘောတူလိုက်ပြီးတဲ့နောက် မြန်မာအစိုးရ ပြောခွင့်ရ ဦးကျော်ဆန်းက အနာဂတ်မြန်မာနိုင်ငံဟာ ပိုမိုပွင့်လင်းတဲ့ နိုင်ငံဖြစ်လာပြီး နိုင်ငံတကာနဲ့ရော ဒေသတွင်း နိုင်ငံတွေနဲ့ပါ ပိုမိုပူးပေါင်း ကူးသန်းဆောင်ရွက်တဲ့ နိုင်ငံတနိုင်ငံအနေနဲ့ မြင်ရတော့မယ်လို့ သတင်းထောက်တွေကို ထုတ်ဖော် ပြောကြားလိုက်တယ်လို့ ဘာလီ ထိပ်သီးစည်းဝေးပွဲမှာ တက်ရောက် သတင်းယူနေတဲ့ ရန်ကုန်တိုင်းမ် မီဒီယာဂရုပ်ဖ်ရဲ့ ဦးကိုကို (စက်မှု) က ပြောပါတယ်။
ဒါ့အပြင် ဦးသိန်စိန်ရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ သမ္မတအကြံပေး ဦးကိုကိုလှိုင်ရဲ့ ပြန်လည် ပြောကြားချက်တွေကိုလည်း ဦးကိုကို (စက်မှု) က အခုလို ဆိုပါတယ်။
“သမ္မတကြီးက ပြောပါတယ်တဲ့။ အဲဒီလို ပေးလိုက်တဲ့အတွက်ကြောင့် အခွင့်အလမ်း ရလိုက်သလို တာဝန်တွေလည်း ပိုကြီးလာမယ်လို့ ပြောပါတယ်။ အဲဒါ အကောင်းဆုံး ဖြစ်အောင်လို့ တို့တွေလုပ်ကြရမယ်လို့သမ္မတကြီးက ပြောတယ်လို့ ပြောပါတယ်။ အဲဒီအပြင်ကို အဲဒီအစည်းအဝေးထဲမှာပဲ စင်ကာပူနိုင်ငံကတောင်မှ မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ နေရာကို ပေးတဲအခါမှာ မြန်မာနိုင်ငံအနေနဲ့ ချောချောမွေ့မွေ့ ထမ်းဆောင်နိုင်အောင်လို့ လိုအပ်တဲ့ အကူအညီမှန်သမျှကို ပေးမယ်လို့ ပြောပါတယ်တဲ့။ အခြားနိုင်ငံတွေကလည်း စင်ကာပူလိုပဲ ဝိုင်းဝန်း ကူညီကြမယ်ဆိုတဲ့ သဘော ပြောတယ်လို့ ဆရာဦးကိုကိုလှိုင်က ကျနော်တို့ကို ပြောပါတယ်။”
အခုနှစ် အာဆီယံထိပ်သီးစည်းဝေးကို မြန်မာအာဆီယံဥက္ကဋ္ဌ ဖြစ်ရေးနဲ့ တောင်တရုတ် ပင်လယ် ကိစ္စရပ်တွေက လွှမ်းမိုးထားတယ်လို့လည်း ပြောပါတယ်။
ဘာလီ ထိပ်သီးစည်းဝေးပွဲကို မြန်မာအပါအ၀င် နိုင်ငံတကာ သတင်းထောက်ပေါင်း ၁၈၀၀ လောက် တက်ရောက် သတင်းယူနေကြပြီး လုံခြုံရေး အထူးတိုးမြှင့်ချထားတယ်လို့ ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ စင်ကာပူဝန်ကြီးချုပ်နဲ့ ဒီနေ့ သီးသန့်တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ စုံစမ်းသိရှိရပြီး အမေရိကန်သမ္မတနဲ့ သီးခြား တွေ့ဆုံဖို့ ရှိမရှိကတော့ ခုထိ မသေချာသေးပါဘူး။
အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ အစည်းအဝေးတွေကို နိုဝင်ဘာလ ၁၉ ရက်ထိ ပြုလုပ်သွားမှာပါ။ (DVB)
No comments:
Post a Comment