Wednesday, December 14, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ဖို့ ပြင်ဆင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်္ဘာ ၁၂ ရက်စွဲနဲ့ မှတ်ပုံတင်ခွင့် ပြုလိုက်တာကြောင့် ရက်ပေါင်း သုံးဆယ်အတွင်း မှတ်ပုံတင်နိုင်ဖို့ ပြင်ဆင်နေတယ် လို့ အင်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာရ်အက်ဖ်အေကိုပြောပါတယ်။

“နေပြည်တော် မှတ်ပုံတင် သွားလျှောက်ဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်။ ပါတီရဲ့ ဖွဲ့စည်းပုံရော၊ မူဝါဒရော၊ အဲဒီ ၂၁ ဦးကနေ ရွေးချယ်တဲ့ ပါတီခေါင်းဆောင်၊ ဒု-ခေါင်းဆောင် အဲဒါတွေ လုပ်နေရပါတယ်။ အဲဒါပြီးတာနဲ့ ကျနော်တို့ သွားတင်မှာပါ”


ပြည်သူလူထု တစ်ရပ်လုံအတွက် တစ်ဆင့်တက် လုပ်ဆောင်ဖို့ လမ်းပွင့်သွားပြီလို့ အင်န်အယ်လ်ဒီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

“ဆက်လုပ်တဲ့နေရာမှာ တဆင့်တက်ပြီး တိုးတက်အောင် လုပ်သွားနိုင်ဖို့အတွက် သူတို့ ခွင့်ပြုပြီ ဆိုတဲ့အပေါ် မူတည်ပြီးတော့ သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သဘောထား ကြေညာချက်ထဲမှာ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ပြည်သူလူထု တရပ်လုံးရဲ့ တိုးတက်ရာတိုးတက်ကြောင်း၊ ရှေ့ဆက်ပြီးတော့ ပြည်သူလူထု လွတ်လပ်မှုနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့ ရရာရကြောင်း လုပ်ကိုင်ရန်ကိစ္စရပ်တွေပေါ်မှာ သဘောတူညီကြတယ်၊ လုပ်ကိုင်သွားမယ်ဆိုတဲ့အပေါ် မူတည်ပြီးတော့ အဲဒီတူညီချက်အရ လမ်းပွင့်သွားသလောက် ပွင့်တဲ့ အတိုင်းအတာအတိုင်း ဆက်လက်ပြီး ဆောင်ရွက်ကြတာပဲလို့ မှတ်ယူထားပါတယ်”

ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီတည်ထောင်ခွင့် လျှောက်လွှာတင်စဉ် က ပါဝင်သူ ၂၁ ဦးထဲက တချို့သာ ရွေးကောက်ပွဲမှာ ၀င်ပြိုင်မှာ ဖြစ်ပေမယ့် အဲဒီစာရင်းမှာ ပါဝင်တဲ့အတိုင်း လွှတ်တော်ကိုယ်စားလှယ် လောင်း ရွေးချယ်ရာမှာ အလွှာမျိုးစုံ ပါဝင်မှာပါလို့ အင်န်အယ်လ်ဒီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။

“ဒီ ၂၁ ဦးဟာ နိုင်ငံရေးပုံသဏ္ဍန် သဘောထားကို ပြတာပဲ။ ဘာလို့လဲ ဆိုတော့ ဒီအဖွဲ့ထဲမှာ ခေါင်းဆောင်မှု အဟောင်းထဲက ကျနော်တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ ၆ ယောက် ပါတယ်။ အဲဒါက လက်ရှိ ရှိနေတဲ့ ခေါင်းဆောင်မှုကို ကိုယ်စားပြုတဲ့ အစိတ်အပိုင်းလို့ ပြောရမှာပေါ့။ နောက်တခုက အမျိုသမီး ပါမယ်၊ တိုင်းရင်းသား ပါမယ်၊ နောက်ပြီးတော့ လူငယ်ကျောင်းသား ပါမယ်ဆိုတော့ အဲဒီအထဲမှာ ပုံသဏ္ဍာန်အားဖြင့် ၄ ခုရှိတယ်။ အမတ်လောင်းတွေ ရွေးတဲ့အခါမှာ လည်း ကျနော်တို့ ဒီသဘောမျိုးနဲ့ ရွေးမယ်”

အာအက်ဖ်အေရဲ့ ဒီနေ့အထိ ဆက်သွယ်မေးမြန်းချက်အရ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဦးဝင်းတင်၊ ဦးတင်ဦး၊ ဦးဉာဏ်ဝင်း၊ ဒေါ်နန်းခင်ထွေးမြင့်တို့ကတော့ မိမိတို့ ပါဝင်အရွေးခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မှတ်ပုံတင်ဖို့ နေပြည်တော်ကို သွားရောက်တဲ့အခါမှာ ပါတီ ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင် ကိုယ်တိုင် လိုက်ပါကြရမှာဖြစ်ပြီး မှတ်ပုံတင်ရာမှာ ဖော်ပြရမယ့် ပါတီခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင်ကို အခုရက်ပိုင်းအတွင်း ရွေးချယ်ဖို့ ရှိပါတယ်။ (RFA)

No comments:

Post a Comment