တနင်္ဂနွေနေ့ ည ၇ နာရီလောက်က မန္တလေးမြို့မှာ လျှပ်စစ်မီး ရရှိရေးအတွက်
ပြည်သူရာပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ဖယောင်းတိုင်တွေ ထွန်းညှိပြီး လမ်းလျှောက် လှည့်လည်ခဲ့သလို၊
လျှပ်စစ်မီးရရှိရေး တောင်းဆိုချက် ဆိုင်းဘုတ်တွေကိုလည်း
ကိုင်ဆောင်ခဲ့ကြပါတယ်။
ဆန္ဒပြသူအဖွဲ့ ၂ ဖွဲ့ရှိပြီး တစ်ဖွဲ့က မန္တလေးတိုင်း လျှပ်စစ်ရုံးအနီးနဲ့
နောက်တစ်ဖွဲ့က ဆီဒိုးနားဟိုတယ် အနီးမှာ ဆန္ဒပြကြပြီး၊ အဲဒီနှစ်ဖွဲ့
နောက်ဆုံး ပေါင်းဆုံခဲ့ကြတယ်လို့ မျက်မြင်သက်သေ မန္တလေးသားတစ်ဦးက
ပြောပြပါတယ်။
ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲပြီး နောက်ပိုင်းလောက်ကစပြီး မီးအတော်ကလေး
မှန်ခဲ့ပေမယ့် ဒီနှစ်ဆန်းပိုင်းကစပြီး အတော်ဆိုးဆိုးရွားရွား
ပြန်ပျက်ခဲ့တယ်လို့ မန္တလေး ဒေသခံတွေက ပြောပါတယ်။