Monday, May 21, 2012

မန္တလေးမြို့က လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲ

၂၀၁၂ ခုနှစ် မေလ ၂၀ ရက်က မန္တလေးမြို့တွင် 
လျှပ်စစ်မီး ရရှိရေးအတွက် ပြည်သူရာပေါင်းများစွာ 
ဖယောင်းတိုင် ထွန်းညှိပြီး လမ်းလျှောက်လှည့်လည် 
ဆန္ဒပြနေစဉ်။ courtesy of Kyaw Moe Win
တနင်္ဂနွေနေ့ ည ၇ နာရီလောက်က မန္တလေးမြို့မှာ လျှပ်စစ်မီး ရရှိရေးအတွက် ပြည်သူရာပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ဖယောင်းတိုင်တွေ ထွန်းညှိပြီး လမ်းလျှောက် လှည့်လည်ခဲ့သလို၊ လျှပ်စစ်မီးရရှိရေး တောင်းဆိုချက် ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။

ဆန္ဒပြသူအဖွဲ့ ၂ ဖွဲ့ရှိပြီး တစ်ဖွဲ့က မန္တလေးတိုင်း လျှပ်စစ်ရုံးအနီးနဲ့ နောက်တစ်ဖွဲ့က ဆီဒိုးနားဟိုတယ် အနီးမှာ ဆန္ဒပြကြပြီး၊ အဲဒီနှစ်ဖွဲ့ နောက်ဆုံး ပေါင်းဆုံခဲ့ကြတယ်လို့ မျက်မြင်သက်သေ မန္တလေးသားတစ်ဦးက ပြောပြပါတယ်။

ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲပြီး နောက်ပိုင်းလောက်ကစပြီး မီးအတော်ကလေး မှန်ခဲ့ပေမယ့် ဒီနှစ်ဆန်းပိုင်းကစပြီး အတော်ဆိုးဆိုးရွားရွား ပြန်ပျက်ခဲ့တယ်လို့ မန္တလေး ဒေသခံတွေက ပြောပါတယ်။


အခုလို လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နဲ့ စက်မှုလက်မှု ၀န်ကြီး ဒေါက်တာမြင့်ကြူနဲ့ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဒေါ်အေးအေးမင်းတို့ ဦးဆောင်ပြီး မန္တလေး လျှပ်စစ်ဓာတ်အားပေးရုံးချုပ်မှာ မနေ့ ည (၉) နာရီက အရေးပေါ် သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
မီးပျက်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ၀န်ကြီး ဒေါက်တာမြင့်ကြူက သတင်းထောက်တွေကို ရှင်းလင်းပြောဆိုခဲ့တယ်လို့ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မန္တလေး သတင်းစာနယ်ဇင်းသမား ကိုမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။

" အဓိက ကတော့ ပူပြင်းခြောက်သွေ့တဲ့အချိန်မှာ မီးအားပိုသုံးစွဲတာရယ်၊ မီးအားပိုမိုသုံးစွဲတဲ့ အချိန်မှာ မီးမပေးနိုင်တာကလည်း ဒီရေနည်းတဲ့အတွက် ရေအားလျှပ်စစ်ဓာတ်ကို ထုတ်မပေးနိုင်တဲ့ အတွက်ဆိုတဲ့ အကြောင်း၊ အဲထဲမှာမှ မဂ္ဂါဝပ် ၂၀၀ ကို ပေးနိုင်တဲ့ တာဝါတိုင် ဗုံးခွဲခံလိုက်ရတဲ့အတွက် ဆိုပြီးတော့မှ သူတို့ကတော့ ဒီဟာကိုပဲ ပြောပြတယ်"

ဒါ့အပြင် မန္တလေးမြို့အတွင်း ခြောက်နာရီ တစ်လှည့်စီ မီးပေးနေရမည်ဖြစ်ပြီး၊ လျှပ်စစ်ဓာတ်အားရဖို့အတွက် မိုးမှန်မှန်ရွာဖို့ လိုကြောင်းလည်း ၀န်ကြီး ဒေါက်တာမြင့်ကြူက ပြောသွားပါတယ်။ ဒီကနေ့မှာ လျှပ်စစ်မီးပေးနိုင်ဖို့ မီးစက် ၁၀လုံး မန္တလေးတိုင်း ဒေသကြီးသို့ ရောက်ရှိမယ်လို့လည်း ဆိုပါတယ်။
 (RFA- Burmese)

No comments:

Post a Comment