Wednesday, August 22, 2012

လူမျိုးရေးအဓိကရုဏ်းအတွက် ဓာတ်ပုံများ၊ ဗီဒီယိုများ လုပ်ကြံဖန်တီးနေကြောင်း ပါကစ္စတန်ကို အိန္ဒိယစွပ်စွဲ




အိန္ဒိယမြောက်ပိုင်းတွင် နေထိုင်ကြသူများအား ထိတ်လန့်စေရန်နှင့် မွတ်စလင်များကို လှုံ့ဆော်ရန်အတွက် Facebook ၊ Twitter နှင့် YouTube ကဲ့သို့သော လူမှုကွန်ရက်ဝက်ဘ်ဆိုက်များတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံများကို ပါကစ္စတန် အခြေစိုက် အစွန်းရောက်အဖွဲ့တစ်ဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်သည့်အစီရင်ခံစာ တစ်စောင်တွင် စွပ်စွဲထားသည်။ 


ဇူလိုင် ၁၃ ရက်နေ့မှစကာ အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံအတု အများစုသည် လုပ်ကြံထားသော ဓာတ်ပုံများဖြစ်ကြောင်း တိဗက်ငလျင်၊ ထိုင်းကဲ့သို့သော နေရာမျိုးစုံမှ ရယူထားသော ဓာတ်ပုံများကို အတုများ ဖန်တီးထားခြင်းဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။ မြန်မာ၊ အာသံတို့နှင့် ဆက်နွယ်နေသော ဓာတ်ပုံများ၊ ဗီဒီယိုများ အွန်လိုင်းသို့ တင်ခဲ့သူအများစုသည် လူမှုကွန်ရက်များကို အသုံးချကာ မတည်ငြိမ်မှုများဖန်တီးရန် ကြိုးပမ်းခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။ အီးမေးလ်များ၊ အင်တာနက် ဖုန်းများမှတစ်ဆင့် သတင်းအချက်အလက်မှားများ ဖြန့်ဖြူးကာ အာသံနှင့် အခြားနေရာများတွင် မတည်ငြိမ်မှုများဖြစ်ပေါ်ရန် လှုံ့ဆော်ခဲ့ကြောင်း အစီရင်ခံစာက ကောက်ချက်ချခဲ့သည်။ 

ထို့ပြင် မွတ်စလင်တို့၏ အိဒ်ပွဲတော်နောက်ပိုင်းတွင် အကြမ်းဖက် မှုများကို အရှိန်မြှင့်တင်မည်ဟု ဖော်ပြနေသည့် အကြောင်းအရာကိုလည်း  စုံစမ်းစစ်ဆေးသူများက တွေ့ရှိခဲ့သည်။  အိန္ဒိယနိုင်ငံ တောင်ပိုင်းမြို့များတွင် ရွှေ့ပြောင်းအခြေချ အလုပ် သမားများအကြား ထိတ်လန့်စေခဲ့သည့် သတင်းများကို ပါကစ္စတန်တွင် အခြေပြုခဲ့ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး ရက်ခ်ျကူမာဆင်းက ပြောကြားခဲ့သည်။

No comments:

Post a Comment