Wednesday, September 15, 2010

ရွှေဝါရောင် နှစ်ပါတ်လည်ကာလ သံဃာ့အခမ်းအနားများ တိတ်ဆိတ်စွာကျင်းပရ

၂၀၁၀ မတ်လအတွင်းက ရွေးကောက်ပွဲဥပဒေများ ကြေညာပြီးနောက် ရန်ကုန် မြို့တော်ခန်းမရှေ့ရှိ လုံခြုံရေးများ ချထားသည့်အနီး သံဃာတပါး လမ်းဖြတ်ကူးနေစဉ် (ဓာတ်ပုံ - AP)

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် စက်တင်ဘာလတွင် သာသနာဆိုင်ရာ အခမ်းအနားများ ပြုလုပ်ရာ၌ သာသနာ့ အလံများ ထောင်ခြင်း၊ သံဃာတော်များ စုရုံးခြင်း၊ အသံချဲ့စက် အသုံးပြုခြင်း၊ ဆိုင်းဘုတ်များ တင်ခြင်း မပြုလုပ်ရန် စစ်အစိုးရက ပိတ်ပင် ထားကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီးက ပြုလုပ်သော ၄၃ ကြိမ်မြောက် အဘိဓမ္မာ စာတော်ပြန်ပွဲကြီးကို ရွှေတိဂုံ ခြေတော်ရင်းရှိ အဘိဓမ္မာ ရတနာဃရ ဓမ္မာ ဗိမာန်တော်ကြီးတွင် ယခုလ ၁၁ ရက်မှ ၁၉ ရက်နေ့ အထိ ပြုလုပ်လျက်ရှိရာ အဆိုပါစာပြန်ပွဲကို အခမ်းအနား ပုံစံဖြင့် စည်စည် ကားကား ကျင်းပခွင့်မပြုဘဲ တိတ်ဆိတ်စွာ ကျင်းပခဲ့ ရကြောင်း သိရှိရသည်။


“ဒီနှစ် အဘိဓမ္မာစာပြန်ပွဲကို သာသနာ့အလံတွေထောင်ခွင့် မပေးဘူး၊ ဆိုင်းဘုတ်တင်ခွင့် မပေးဘူး၊ အသံချဲ့စက် မသုံးရဘူး” ဟု အဆိုပါ အဘိဓမ္မာ စာပြန်ပွဲတွင် စာစစ်ဆရာတော်အဖြစ် တာဝန်ယူထားသည့် သံဃာတော်တပါးက မိန့်ကြားသည်။

ရန်ကုန်မြို့ရှိ ရပ်ကွက်များတွင် ၀ါတွင်းကာလ ဆွမ်းလောင်းပွဲများ ကျင်းပပြုလုပ်ရာ၌လည်း သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်များ၏ ခွင့်ပြုချက်ရယူကာ ဆွမ်းလောင်းအသင်းများက သံဃာတော်မြောက်မြားစွာ ပင့်ဖိတ်ခြင်းအတွက် တာဝန်ခံရကြောင်း သိရသည်။

“ဆွမ်းလောင်းအသင်းတွေအနေနဲ့ ပင့်ဖိတ်တဲ့ သံဃာတော်တွေနဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှ တာဝန်ယူရတယ်။ တကယ်လို့ ဆွမ်းလောင်းပွဲကြွလာတဲ့ သံဃာတော်တွေက ရွှေဝါရောင် တော်လှန်ရေး တုန်းကလို လှုပ်ရှားမှုတွေလုပ်လာရင်
ဆွမ်းလောင်းအသင်းက တာဝန်ခံထားတဲ့ လူတွေ အရေးယူခံရမယ်၊ ထောင်ကျမယ်” ဟု ရပ်ကွက် ဆွမ်းလောင်းအသင်း ဥက္ကဋ္ဌတဦးက ပြောသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးတဦးက မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်စေမည့် ဆန္ဒပြပွဲများ၊
သံဃာလှုပ်ရှားမှုများ ဖြစ်ပေါ်လာလျှင် လုံထိန်းရဲများနှင့် နှိမ်နင်းရန် အထူးညွှန်ကြားချက် တရပ်ကို ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီးက ထုတ်ပြန်ထားကြောင်း ပြောသည်။

လူထု အုံကြွမှု ဖြစ်ပေါ်လာလျှင် နှိမ်နင်းရန် ရဲတပ်ဖွဲ့ဝင်များအား စတင်လေ့ကျင့်ပေး နေပြီးဖြစ်ကြောင်းလည်း အငယ်တန်း ရဲအရာရှိတဦးက ဆိုသည်။

“လမ်းတွေကို ဘယ်လိုပိတ်ပြီး နှိမ်နင်းမယ်၊ ဘယ်လိုကွပ်ကဲမယ်၊ အုံကြွမှုကနေ မီးလောင်ရင် ဘယ်လို လုပ်မယ် ဆိုတာကအစ အခုကတည်းက လေ့ကျင့်နေကြပြီ” ဟု ယင်းကပြောသည်။

နိုင်ငံရေး အမြတ်ထုတ်လိုသည့် ဆန့်ကျင်ဘက်အုပ်စုများ၊ အဖျက်အမှောင့်များက အပြစ်မဲ့ပြည်သူများ သေကျေ ဒဏ်ရာ ရရှိစေရန်၊ နိုင်ငံပိုင် အခြေခံ အဆောက်အအုံများ ပျက်စီးစေရန်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်၊ ထိုမှတဆင့် ၂၀၁၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကြီး မအောင်မြင်စေရန် သွေးထိုးလှုံ့ဆော်မှုများ၊ မိုင်းခွဲလုပ်ဆောင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း စက်တင်ဘာ ၁၁ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

လူထုအုံကြွမှု ဖြစ်ပေါ်လာပါက ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ကာလကကဲ့သို့ စစ်တပ်ကို အသုံးပြုမည် မဟုတ်ကြောင်းလည်း အထက်ပါ ရဲအရာရှိက ဆိုသည်။

ရန်ကုန်မြို့ လူစည်ကားရာ ဗိုလ်ချုပ်အောင်းဆန်းဈေး အနီးရထားခုံးကျော်တံတားအပေါ်နှင့် မွန်ပြည်နယ် သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စု လယ်ကွင်းအတွင်း စိုက်ထူထားသည့် လျှပ်စစ်ဓာတ်အားလိုင်းတာဝါတိုင်များတွင် ချိန်ကိုက်မိုင်းများ တွေ့ရှိခဲ့ကြောင်းလည်း မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ သံဃာတော်ဦးဆောင်သော မေတ္တာပို့ ဆုတောင်း လမ်းလျှောက်ပွဲများ၊ ဆန္ဒပြပွဲများ ဖြစ်ပေါ်လာမည်ကို စစ်အစိုးရက စိုးရိမ်သည့်အတွက် ဘုန်းကြီးကျောင်းများ၊ ဘုရားပုထိုးစေတီများ အရပ်ဝတ် လုံခြုံရေးများ၊ စွမ်းအားရှင်များနှင့် လုံထိန်းရဲများ ချထားကြောင်း တွေ့မြင်သူများက ပြောသည်။

ရွှေဝါရောင်တော်လှန်ရေး အခြေပြုရာ ရွှေတိဂုံစေတီတော်တွင် လုံခြုံရေး အတင်းကျပ်ဆုံးဖြစ်ပြီး ဘုရားသို့ လာရောက်သူ များအနက်မှ အာဏာပိုင်များ မသင်္ကာသည့် သံဃာတော်များနှင့် အမျိုးသားဒီမီု ကရေစီအဖွဲ့ချုပ်နှင့် ဆက်နွှယ် သူများ လာရောက်လျှင် အရပ်ဝတ်ရဲများက နောက်ယောင်ခံ လိုက်ခြင်း၊ ဓာတ်ပုံရိုက်ယူခြင်းများ ပြုလုပ်ကြောင်း သိရှိရသည်။

ရွှေတိဂုံစေတီတော်ခြေရင်း အရှေ့ဘက်မုခ်တွင်လည်း အနီခံပေါ်တွင် စာလုံးဖြူဖြင့် “မိုင်းအသိ မိုင်းသတိ အစဉ်အမြဲရှိ” ဆိုသော ဆိုင်းဘုတ်ထူထားသည်ဟု ဘုရားဖူးများက ပြောသည်။

သံဃာတော်များ ဦးဆောင်သော ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို စစ်အစိုးရက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် ဂျပန်သတင်းထောက် တဦးအပါအ၀င် လူ ၁၀ ဦးသေဆုံးခဲ့ကြောင်း စစ်အစိုးရက တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။ (ဧရာဝတီ)

No comments:

Post a Comment