Friday, September 17, 2010

မြန်မာ့အရေး ဒေလီဆွေးနွေးပွဲ ချက်သံအမတ် ဖွင့်လှစ်မည်

၂ဝ၁ဝ ရွေးကောက်ပွဲ အဖြစ်မှန်နှင့် မြန်မာ ဒုက္ခသည်အရေး အိန္ဒိယပြည်သူများ ပိုမိုသိရှိရန် နယူးဒေလီမြို့၌ ယခုလ ၂၇ ရက်တွင် ကျင်းပမည့် မီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲနှင့် သတင်းစာ ရှင်းလင်းပွဲကို အိန္ဒိယနိုင်ငံဆိုင်ရာ ချက်သံအမတ်ကြီး Miloslav Stasek က ဖွင့်လှစ်မည် ဖြစ်သည်။ချက်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ အထောက်အပံ့ဖြင့် ရပ်တည်သည့် ပရဂ်မြို့ မြန်မာ့ရေးရာဌာန (Burma Centre Prague) နှင့် ဒေလီမြို့ မြန်မာ့ရေးရာဌာန (Burma Centre Delhi) က ဦးဆောင်၍ နယူးဒေလီမြို့ ရှိ Press Club of India ၌ ကျင်းပမည်။

“ရွေးကောက်ပွဲ၊ မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ဒုက္ခသည်ဖြစ်ရတဲ့ အကြောင်းတွေကို ဆွေးနွေးကြမယ်။ ပြီးရင် သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို အိန္ဒိယပြည်သားတွေ မသိကြဘူး။ မြန်မာဒီမိုကရေစီ လှုပ်ရှားသူတွေရဲ့ အသံ၊ ခံစားချက်တွေကို သိအောင် ရည်ရွယ်တယ်။ ရွေးကောက်ပွဲကျရင် အိန္ဒိယသတင်းဌာနတွေက အဖြစ်မှန်ကို ပြည့်ပြည့်စုံစုံဖော်ပြနိုင်မယ် မျှော်လင့်တယ်” ဟု BCD မှ စီမံကိန်း ညွှန်ကြားရေးမှူး Alana Golmei က မဇ္ဈိမကို ပြောသည်။“ချက်သံအမတ်ကြီးကိုယ်တိုင် အလုပ်ရုံဆွေးနွေးပွဲကို ဖွင့်လှစ်ပေးတယ်ဆိုတော့ ကျေနပ်အားရပါတယ်။ ဒီပွဲကို ချက်သံရုံးက ဧည့်သည်အနေနဲ့ပဲ တက်ရောက်မယ်။ ချက်အစိုးရ အထောက်အပံ့၊ ကျနော်တို့ ကြီးကြပ်ကွပ်ကဲမှုနဲ့ မြန်မာ့ဒီမိုကရေစီအရေး စီမံကိန်းရဲ့ အစိတ်အပိုင်းတခုအဖြစ် မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပမယ်” ဟု BCP စတင်တည်ထောင်သူ တဦးဖြစ်သည့် စီမံချက်ရေးရာ ခေါင်းဆောင် Christoph Amthor က မဇ္ဈိမကို ပြောသည်။

မြန်မာစစ်အစိုးရ ကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်မှု မရှိနိုင်သဖြင့် ပရဂ်မြို့ မြန်မာ့ရေးရာဌာန အနေဖြင့် လုံးဝလက်မခံကြောင်း Christoph Amthor က ဆိုသည်။ဆွေးနွေးပွဲသို့ Christoph Amthor အပြင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီး ဒေါက်တာတင့်ဆွေ၊ BJP ပါတီ နိုင်ငံခြားရေးရာဌာန တာဝန်ခံ Vijay Jolly ၊ မဇ္ဈိမသတင်းဌာန အယ်ဒီတာချုပ် ဦးစိုးမြင့်၊ Indian Express သတင်းစာမှ ဝါရင့်အယ်ဒီတာဟောင်း Jyoti Malhotra အပါအဝင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ဦးရေ ၃ဝ ကျော် တက်ရောက်မည်ဖြစ်သည်။
(မဇ္ဈိမသတင်းဌာန မှ ကောက်နှုတ်ဖော်ပြသည်။)

No comments:

Post a Comment