Wednesday, January 19, 2011

လွတ်ငြိမ်းချမ်းသာခွင့် အန်ဒီအက်ဖ် ဦးစားပေး

NDF ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေ
နိုင်ငံရေးအကျဉ်းသား ၂၂ဝဝ နီးပါးလွတ်မြောက်ရေးအတွက်  အစိုးရသစ်အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ပေးရန် ဇန်နဝါရီလ ၃၁ရက်နေ့တွင်ကျင်းပမည့် လွှတ်တော်အစည်းအဝေးပွဲတွင် ပထမဦးစားပေးအနေဖြင့် တင်ပြသွားမည်ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF) လွှတ်တော်ရေးရာကော်မတီဝင် ဦးခင်မောင်ဆွေက ပြောသည်။

“နိုင်ငံတခုအပြောင်းအလဲ ဖြစ်တဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဦးစွာလွှတ်ပေးသင့် တယ်လို့ ကျနော်တို့ယူဆပါတယ်။ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာ နောက်တက်လာမယ့် သမ္မတရဲ့ဂုဏ်သိက္ခာကို ထောက်ရှုပြီးတော့ လွှတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်လိမ့်မယ်လို့ ကျနော်တို့ ပြတ်ပြတ်သားသားကို ယုံကြည်ပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင်များအတွင်း အကျဉ်းကျခံနေရသူ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၇၈ ယောက် ရှိသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ က ပြောသည်။

“လွှတ်တော်ထဲမှာကော လွှတ်တော်ပြင်ပမှာကော ဒါမျိုးတွေကတော့ အမြဲတမ်းပြောဆိုနေရမယ့် ကိစ္စပဲဖြစ်တယ်။ အနိုင်ရပါတီပဲဖြစ်ဖြစ် မရတဲ့ပါတီပဲဖြစ်ဖြစ် အကုန်လုံးက ဒီကိစ္စကို မဖြစ်မနေ တစိုက်မတ်မတ် လုပ်နေရမယ့် ကိစ္စဖြစ်တယ်လို့ ကျနော်တို့ကတော့ အဲဒီလိုထင်ပါတယ်” ဟု အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် အတိုက်အခံနိုင်ငံရေးသမားများကို ထောင်ချနိုင်ရန် အငြင်းပွားဖွယ် ဥပဒေများ ရှိနေဆဲဟု ဝေဖန်သူများက ပြောသည်။ ၁၉၅ဝ ပြည့်နှစ် အရေးပေါ် စီမံမှုအက်ဥပဒေ၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးမည့်သူများ၏ ဘေးအန္တရာယ်မှ အကာအကွယ်ပေးရေး အက်ဥပဒေ စသည်တို့မှာ ဖိနှိပ်ရေးအတွက် လက်နက်များဖြစ်သောကြောင့် လွတ်တော်ထဲတွင် ဝင်ရောက်ဆွေးနွေးကြမည့် လွှတ်တော် ထိုဥပဒေများကို ဖျက်သိမ်းဖို့ လိုအပ်ကြောင်း ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီဥက္ကဋ္ဌ ဦးသိန်းဦးက ပြောသည်။

“ဒီလိုဥပဒေတွေက နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းနိုင်ဖို့ သီးသန့်လုပ်ထားတဲ့ ဥပဒေတွေ ဖြစ်တယ်။ အဲဒီ ဥပဒေတွေ ဖျက်သိမ်းလိုက်မယ်ဆိုရင်တော့ အဲဒီ ဥပဒေနဲ့ ဖမ်းလို့မရတော့ဘူး၊ လွှတ်တော်တွင်းကနေ တိုက်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဘာပဲပြောပြော ဥပဒေနဲ့ညီတဲ့ လုပ်ဆောင်ချက်တွေ လုပ်နိုင်တဲ့အတွက်ကြောင့် အဲဒီအခွင့်အရေးကို ထိထိရောက်ရောက် အသုံးချပြီးတော့ အသုံးပြုစေချင်ပါတယ်” ဟု ဦးသိန်းဦးက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများတွင် တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများမှ ပါတီဝင်များသာမက ရဟန်းသံဃာတော် ၂၅၅ ပါလည်း အပါအဝင်ဖြစ်သည်။ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်မှ  ဦးဇဝနကလည်း နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးခြင်းဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် လမ်းစဖြစ်နိုင်သည်ဟု ဆိုသည်။

“ကျန်းမာရေး စောင့်ရှောက်မှုဟာ အင်မတန်မှ အားနည်းတယ် အစိုးရဟာ တမင်ကို ရည်ရွယ်ချက်ရှိရှိ သတ်သလိုဖြစ်နေတယ်။ သူတို့တွေကို အမြန်ဆုံးလွှတ်ခြင်းအားဖြင့် အစိုးရအနေနဲ့လည်း ဂုဏ်သိက္ခာရှိမယ်။ မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေနဲ့ လူ့အခွင့်အရေးအတွက်လည်း လမ်းစတွေ ဖြစ်မယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးဆန္ဒဟာ ဦဇင်းမှာ ပြင်းပြင်းပြပြကို ဖြစ်နေတယ်” ဟုဆိုသည်။ ဦးဇဝနသည် နိုင်ငံရေး ယုံကြည်ချက်ကြောင့် ၁၅ နှစ် ထောင်ဒဏ် ကျခံခဲ့ရဖူးသည်။

အခြားသော စစ်အစိုးရဆန့်ကျင့်သော သံဃာအဖွဲ့တခုဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ ဦးကုဿရိယကလည်း  ၂ဝဝ၇ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား ရဟန်းသံဃာတော်များ လွတ်မြောက်ရေးအတွက် နိုင်ငံတကာသို့ ထိထိရောက်ရောက် တောင်းဆိုတင်ပြခြင်းများ မရှိသည့်အပေါ် ဝေဖန်လိုက်သည်။

သို့သော် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ ကမကထပြုပြီး ပြည်တွင်းမှ သံဃာတော်များ အမေရိကန်၊ အိန္ဒိယ၊ သိရိလင်္ကာ နိုင်ငံများမှ ရဟန်းသံဃာတော်များနှင့် နိုင်ငံခြားသားများ လက်မှတ် ရေးထိုးစေပြီး ရဟန်းသံဃာများ လွတ်မြောက်ရေးအတွက် ဥရောပသမဂ္ဂ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်းတို့ထံ တင်ပြတောင်းဆိုရန် ယခုလ ၆ ရက်နေ့က လက်မှတ်များစတင် ကောက်ခံနေသည်ဟု မဇ္စျိမကို အမိန့်ရှိသည်။

အေအေပီပီက ထုတ်ပြန်သည့် ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေကို ပြထားသည့် စာရင်း -

letter

ဒီမိုကရေစီရေး လှုပ်ရှားသူများကို ပြစ်ဒဏ်ပေးရာတွင် သုံးစွဲနေသည့် ဥပဒေပုဒ်မများ

letter1  








မျိုးသန့်(မဇ္ဈိမ)

No comments:

Post a Comment