Thursday, January 20, 2011

လွှတ်တော်အစည်းအဝေး တက်လျှင် မြန်မာရိုးရာဝတ်စုံ ဝတ်ဆင်ခဲ့ရန် နေပြည်တော် ရွေးကောက်ပွဲကော်မရှင်က မှာကြား

ဂျပန်ခေတ် မြန်မာအစိုးရ ဝန်ကြီးများ
အမတ်များ လွှတ်တော်အစည်းအဝေးတက်လျှင် မြန်မာရိုးရာ ဝတ်စုံဝတ်ဆင်ခဲ့ရန်  နေပြည်တော် ရွေးကောက်ပွဲကော်မရှင်က မှာထားကြောင်း နိုင်ငံရေး ပါတီများက ပြောသည်။

အမျိုးသားဖြစ်ပါက တိုက်ပုံ၊ ပုဆိုး၊ မောင့်ကြက်သရေ ခေါင်းပေါင်း၊ အမျိုးသမီးဆိုလျှင် ရင်ဖုံးအင်္ကျီ၊ ချိတ်ထမီနှင့် ပုဝါ ဝတ်ဆင်ရမည်ဟု ရွေးကောက်ပွဲကော်မရှင်က ယခုရက်ပိုင်းတွင် ပေးပို့နေသည့် လွှတ်တော်စည်းဝေး ဖိတ်စာထဲတွင် ပန်ကြားထားသည်။

“တိုက်ပုံအဖြူနဲ့ ကြိုက်တဲ့ပုဆိုးဝတ် ခေါင်းပေါင်းလဲ ပါရမယ်။ အမျိုးသမီးတွေကလဲ အင်္ကျီ အဖြူနဲ့ ချိတ်နဲ့ အပေါ်က ပဝါနဲ့ပေါ့ဗျာ၊ အဲဒီလို သတ်မှတ်တယ်” ဟု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။

ထို့ပြင် လုံခြုံရေးအရ မောင့်ကြက်သရေ ခေါင်းပေါင်းထည့်ရန် အိတ် သို့မဟုတ် သေတ္တာကိုလည်း လွှတ်တော်ထဲ ယူခွင့်မရှိဘဲ စာအုပ်နှင့် ဘောပင်သာ ယူနိုင်သည်ဟု သူက ဆိုသည်။

လုံခြုံရေးကို ထိခိုက်စေမည့် အီလက်ထရောနစ် ပစ္စည်းများလည်း ယူမလာရန် ပန်ကြားချက်တွင် ပါကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ဗဟိုအလုပ်အမှုဆောင်ဝင် ဒေါက်တာသန်းဝင်းက ပြောသည်။

“လွှတ်တော် ကိုယ်စားလှယ်များအတွက် ပန်ကြားချက်မှာ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လက်ကိုင်ဖုန်းတို့၊ ကင်မရာတို့ အသံဖမ်းစက်တို့ အဲဒါတွေ မယူရဘူး။ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေမယူဖို့ ပန်ကြားထားပါတယ်” ဟု သူက ပြောသည်။

ယခုလ ၃၁ ရက် နေပြည်တော်တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေး တက်မည့် အမတ်များ ၂၇ ရက် အရောက်သွားပြီး ကော်မရှင်ကို အကြောင်းကြားရမည် ဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲရလဒ်များအရ လွှတ်တော်သုံးရပ်ပေါင်း အမတ်နေရာ အများဆုံး ရွေးချယ်ခံရသည့် ပါတီမှာ ကြံ့ခိုင်ရေးပါတီ ဖြစ်သည်။(မဇ္ဈိမ)

No comments:

Post a Comment