Monday, September 12, 2011

ခွန်ထွန်းဦးလွတ်မြောက်ရေး မွေးနေ့တွင် လှုံ့ဆော်

ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦး
ရှမ်းတိင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီ အရေး လှုပ်ရှားသူများက ယမန်နေ့က ကျရောက်သည့် ခွန်ထွန်းဦး၏ ၆၈ နှစ်မြောက်မွေးနေ့တွင် တောင်းဆိုလိုက်ကြသည်။ 

ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရပြီး ကချင်ပြည်နယ် ပူတာအိုထောင်တွင် ရောက်ရှိ သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ဥက္ကဋ္ဌ ခွန်ထွန်းဦး မွေးနေ့ အဖြစ် ယမန်နေ့က ရန်ကုန်မြို့ အောင်မြေဘုံသာ ၉မိုင် ရှမ်းဘုန်းကြီးကျောင်းရှိ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းပွဲသို့  တက်ရောက်သူများက အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ရေး ထိုး တောင်းဆိုခဲ့ကြသည်။


SNLD ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် တိုင်းရင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် အလွန် အရေးကြီးသည့် အချိန် ဖြစ်သည်ဟု ပြောသည်။

“အရပ်သားအစိုးရ ပေါ်လာပေမယ့်လည်းပဲ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် သူတို့ရဲ့ လုပ်ရပ်တွေက ဘာမှ အားရစရာမတွေ့ရသေးဘူး။ တိုင်းရင်းသား ခေါင်းဆောင်တွေကို မလွှတ်ဘဲနဲ့တော့ မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုတာ ဘယ်လိုမှ ဖြစ်လာမှာမဟုတ်ဘူး” ဟု ဦးစိုင်းလိတ်က ဆိုသည်။

ခွန်ထွန်းဦး၏ မိသားစုက  ရန်ကုန်မြို့ နေအိမ်၌ ဆွမ်းကပ်ခြင်း၊ မေတ္တာပို့ခြင်းများ ယနေ့ ဆက်လက်ပြုလုပ်နေကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးလောကမှ  ပုဂ္ဂိုလ်များကိုလည်း ဖိတ်ကြားထားကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာပြည်ဒီမိုကရေစီအရေး လှုပ်ရှားသူများကလည်း ခွန်ထွန်းဦးမွေးနေ့ အထိမ်းအမှတ် အဖြစ် သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ မေတ္တာပို့ ဆုတောင်းခြင်းများ ယမန်နေ့က ပြုလုပ်ကြသည်။

SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦးသည် နှလုံး၊ အစာအိမ်၊ ဆီးကျိတ် စသည့် ရောဂါ ဝေဒနာများ ခံစားနေရကြောင်း၊ ဆေးဝါး ပုံမှန်သုံးစွဲနေရကြောင်း  ရာသီဥတုဆိုးဝါးပါက ဝေဒနာ ပိုမိုခံစားရကြောင်း ဦးစိုင်းလိတ်က ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် SNLD သည် ဒုတိယအနိုင်ရပါတီ ဖြစ်ခဲ့သော်လည်း ထိုရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အသိအမှတ်မပြုခဲ့ချေ။

ရှမ်းတိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြသည့် ဦးရွှေအုန်း၊ ဦးရွှေအုန်း၊ စိုင်းညွန့်လွင်၊ ရှမ်းပြည်တပ်မတော်မှ ဗိုလ်ချုပ် ဆေထင်တို့ အပါအဝင် ရှမ်းတိုင်းရင်းသားနိုင်ငံရေးသမားတချို့သည် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အထိန်းသိမ်းခံခဲ့ရသည်။

ဖမ်းဆီးရသည့်အကြောင်းအရင်းကို အသေးစိတ်မသိရသော်လည်း ဗိုလ်ချုပ်ဆေထင်၊ ခွန်ထွန်းဦးနှင့် စိုင်းညွန့်လွင်တို့သည် နိုင်ငံတော်ပုန်ကန်မှုဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။

မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသား ၂၁၈၉ ဦး ရှိပြီး ၎င်းတို့အနက် ရှမ်းတိုင်းရင်းသားနိုင်ငံရေးသမား ၂၂၅ ဦး ပါဝင်ကြောင်း AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းများအရ သိရသည်။

လက်ရှိအစိုးရက  နိုင်ငံရေးအကျဉ်းသားများကို ပြန်လွတ်ပေးမည့် အရိပ်အယောင် မပြသေးပေ။ (Irrawaddy News)

No comments:

Post a Comment