မစ္စတာကင်တားနား သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် |
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) ဟာ ဒီကနေ့ ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတယ်။
သူ့ရဲ့ မြန်မာပြည် ခြောက်ရက်တာ ခရီးစဉ်အပြီး ပြန်လည် မထွက်ခွာခင် ပြုလုပ်ခဲ့တဲ့ ကင်တားနားရဲ့ သတင်းစာ ရှင်းလင်းပွဲကို တက်ခဲ့တဲ့ သတင်းထောက်တဦးက …
“အီလက်ထရောနစ် ဥပဒေတွေနဲ့ ပတ်သက်ပြီး သူပြောသွားတယ်။ ဒီဥပဒေတွေ ပြင်ရမယ်လို့ ပြောသွားတယ်။ အကျဉ်းသားကိစ္စတွေလည်း အများကြီးပဲ ပြောတယ်။
ပြန်လွတ်လာတဲ့သူတွေနောက် တကောက်ကောက်နဲ့ စောင့်ကြည့်နေ တာတွေ ထောက်ပြပြီး သူကြားနေရတယ်ပေါ့ အဲဒါ ပြောတယ်။ အသေးစိတ်ကတော့ မပါဘူး။ ဒါပေမယ့် တော်တော်များတယ်။ စာမျက်နှာ ၅ မျက်နှာ၊ ၆ မျက်နှာလောက် ပြောသွားတယ်။ တိုင်းရင်းသားကိစ္စတွေမှာလည်း လူ့အခွင့်အရေး ချိုးဖောက်တာတွေ သူကြားတာတွေပေါ့။ မိန်းကလေးတွေ ကိစ္စတွေ၊ ပေါတာဆွဲတာ၊ ကလေးစစ်သား ကိစ္စတွေပေါ့ အဲဒါတွေ ပြောသွားတယ်။” ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနဲ့ မစ္စတာ ကင်တားနားတို့ နေပြည်တော်မှာ တွေ့တုန်းက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာခွင့် ပြုဖို့ အစိုးရက စဉ်းစားနေတယ်လို့ ပြောကြောင်းလည်း သတင်းစားရှင်လင်းပွဲမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
ဇန်န၀ါရီလ ၃၁ ရက် အင်္ဂါနေ့ကတည်းက မြန်မာနိုင်ငံမှာ ရောက်နေတဲ့ မစ္စတာ ကင်တားနားဟာ နေပြည်တော် မှာ အစိုးရဝန်ကြီး တချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး ထူးထူးခြားခြား မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။
အခုတခေါက် မြန်မာနိုင်ငံခရီးစဉ်မှာ တွေ့ရှိတဲ့ လူ့အခွင့်အရေး အခြေအနေ အပြည့်အစုံကိုတော့ ဒီလကုန်ပိုင်း ဂျနီဗာမှာလုပ်မယ့် ၁၉ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနား က တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်။ ရွှေအောင် (DVB)
No comments:
Post a Comment