Monday, February 6, 2012

အကြောက်တရား ကင်းဝေးရေး စာတမ်းဖတ်ပွဲ​ ​ကျင်း​ပ

မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရား ကင်းဝေးရေး  စာတမ်းဖတ်ပွဲနဲ့ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် မှာရှိတဲ့  မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးခမ်းမမှာ ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။
 
စာတမ်းဖတ်ပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ​ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့နဲ့  မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးတို့က သက်ဆိုင်ရာအလိုက် စာတမ်းဖတ်ခဲ့ကြပြီး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မျိုးဆက်သစ်တို့အတွက် လက်ဆင့်ကမ်း စကား ပြောကြားခဲ့ပါတယ်။


ဒီနေ့ စာတမ်းဖတ်ပွဲ အခမ်းအနားမှာ လက်ဆင့်ကမ်း စကား ပြောကြားခဲ့တဲ့ ကိုမင်းကိုနိုင်က သူအဓိကထား ပြောခဲ့တာကို ခုလို ပြန်ပြောပြပါတယ်။

“အဓိကကတော့ လူငယ်တွေ နိုင်ငံရေး လုပ်တဲ့နေရာမှာ အကြောက်တရား ကင်းဝေးရေးပါပဲ။ အဲဒီမှာ ကျနော်ပြောခဲ့တာက ခေတ်အဆက်ဆက်က အကြောက်တရား ကင်းကင်းနဲ့ လုပ်ခဲ့တဲ့ မျိုးဆက်တွေ လက်ဆင့်ကမ်းခဲ့တယ် ဆိုတဲ့အကြောင်းပါ။ နောက်ပြီးတော့ တိုင်းပြည်ရဲ့ အနာဂတ်ကို ရင်သွေးတယောက်လို၊ ကလေးတယောက်လို တင်စားရမယ်ဆိုရင် အဲဒီ တိုင်းပြည် အနာဂတ်ဆိုတဲ့ ရင်သွေးရဲ့ ငိုသံ ကယ်ပါယူပါ အသံကြားရင် မိခင်စိတ်ရှိတဲ့ သူတွေ ဘယ်သူမှ မနေနိုင်ဘူး။ ကယ်ကြမှာပဲ။ ကူကြမှာပဲ။ အဲဒီအပေါ်မှာ တခုခုနဲ့ ချိန်းခြောက်လည်း ကြောက်မှာ မဟုတ်ဘူး။ တိုင်းပြည်ကို ကယ်တင်ချင်တဲ့ မိခင်စိတ် တကယ်ရှိရင် အကြောက်တရားကင်းတယ် ဆိုတဲ့ စကားကို အဓိကထား ပြောခဲ့တာပါ။”
စာတမ်းတစောင်နဲ့တစောင်အကြား အကြောက်တရား ကင်းဝေးရေးနဲ့ ပတ်သက်တဲ့ အနုပညာပြပွဲ ဖျော်ဖြေမှုတွေလည်း လုပ်ခဲ့ပါတယ်။
ဒီအကြောင်းကိုတော့ ပွဲစီစဉ်တဲ့ မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးက ကျောင်းသားရေးရာ ကော်မတီ တာဝန်ခံ ကိုဝေဖြိုးအောင်က ခုလို ပြောပြပါတယ်။
“ကိုထိန်လင်းက တခု၊ ကိုဇော်ရဲအောင်က တခု၊ ကိုထိန်လင်းအောင် တခု အားလုံးပေါင်း သုံးခု ဖျော်ဖြေတယ်။ ပထမတခုက ကြောက်ရွံ့ခြင်း ဆိုတဲ့ဟာကို အိုးလေးထဲ ထည့်ပြီး အဲဒါကို ခွဲပြပြီး fear less (ကြောက်ရွံ့ခြင်းကင်းတဲ့) အကြောင်းကို ပြထားတာ။ အိုးထဲမှာ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး အကုန်ပါတယ်။ အဲဒီသဘောပါပဲ။ အားလုံး ကြောက်ရွံ့ခြင်း ကင်းဝေးခြင်းဆိုတဲ့ ခေါင်းစဉ်အောက်ကပါပဲ။”

ဒီနေ့ စာတမ်းဖတ်တဲ့ အခမ်းအနား တက်ရောက်လာကြတဲ့ အဖွဲ့အစည်းတွေ အကြား တူတာတွေ စုပြီး ဆက်လုပ်သွားကြဖို့ ရှိတယ်လို့လည်း ပြောပါတယ်။အခမ်းအနားကို လူ ၈၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ရွှေအောင် (DVB)

No comments:

Post a Comment