Monday, September 17, 2012

မင်းကိုနိုင် အမေရိကန် ခရီးစဉ် ဘာကြောင့်ဖျက်

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး တို့ ၃ ဦးကိုသာ နိုင်ငံကူးလက်မှတ်ထုတ်ပေးသော်လည်း ကျန်နိုင်ငံရေးအကျဉ်းသားဟောင်းများကို ခွဲခြားဆက်ဆံသောကြောင့် အမေရိကားကို ဆုသွားမယူ (ဓာတ်ပုံ- 88 Generation Students)
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် အမေရိကန် ပြည်ထောင်စုသို့ သွား၍ ၀ါရှင်တန်အခြေစိုက် National Endownment forDemocracy –NED က ယခုနှစ် အတွက် အခြား မြန်မာ ၄ ဦးနှင့် ဒီမိုကရေစီ ဆုလက်ခံရန် အစီအစဉ်ကို ပယ်ဖျက်လိုက်ကြောင်း လတ်တလော ကချင်ပြည်နယ်တွင် ရောက်နေသော ကိုမင်းကိုနိုင်က ပြောသည်။

“ခရီးစဉ်ကို ဖျက်လိုက်ရတာက ပါ့စ်ပို့ထုတ်ပေးတဲ့ကိစ္စ မမျှမတလုပ်လို့ပါ။ ကျနော်တို့ ၆၅ နှစ်ကျတဲ့သူတွေ အတူတူ တင်ထား ခဲ့ကြတယ်။ ကျန်တဲ့သူတွေ မပေးတာတော့ လက်မခံဘူး၊ ဒါပါဘဲ” ဟု ကိုမင်းကိုနိုင်က ဧရာဝတီကို ပြောသည်။

လွန်ခဲ့သည့် ၆ လခန့်က နိုင်ငံကူးလက်မှတ် လျှောက်ထားခဲ့သူ နိုင်ငံရေးအကျဉ်းသားများထဲမှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး တို့ ၃ ဦးကိုသာ နိုင်ငံကူးလက်မှတ်ရပြီဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်က ယခင်သတင်းတပတ်က အကြောင်းကြားလာခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံကူးလက်မှတ် ခွဲခြားထုတ်ပေးခြင်းကို မဖြစ်သင့်ကြောင်း သမ္မတရုံး ၀န်ကြီးများကတဆင့် ပြန်လည်တင်ပြခဲ့ကြောင်း၊ အနည်းဆုံး ပထမဆုံး အသုတ်လျှောက်ထားခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ၁၉ ဦးကို တပြိုင်တည်းထုတ် မပေးသည့်အတွက် ကျန် ၃ ဦးက သွားရောက်ထုတ်ယူမှု မလုပ်ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုသက်ဇော်က ပြောသည်။


“ကျနော်တို့ တင်ပြထားတဲ့ အနည်းဆုံး ၁၉ ယောက်လုံး ပါ့စ်ပို့တွေ တပြိုင်တည်းရပြီးဆိုရင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေးတို့က သူတို့ကို အကြောင်းကြားထားတဲ့ ပါ့စ်ပို့တွေကို ထုတ်ယူမှာဖြစ်ပါတယ်”ဟု ကိုသက်ဇော်က ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများသည် အကျဉ်းထောင်များက ပြန်လည်လွတ်မြောက်လာပြီးနောက် နိုင်ငံတကာက ဖိတ်ကြား မှုများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ ပညာရေး ဆက်လက်ဆည်းပူးရေးစသည့် လေ့လာ သင်ယူ ဖွံ့ဖြိုးရေး အစီအစဉ်များအတွက် နိုင်ငံကူးလက်မှတ်များကို အသုတ်လိုက် လျှောက်ထားခဲ့ကြသည်။

မြန်မာနိုင်ငံတွင် သာမန်နိုင်ငံသား တဦးအနေဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားလျှင် အချိန်ကာလအားဖြင့် ရက်သတ္တ ၃ ပတ် ကြာမြင့်သော်လည်း နိုင်ငံရေး အကျဉ်းသားဟောင်းများမှာမူ လျှောက်ထားရာတွင်လည်း တခြားနိုင်ငံသားများနှင့် မတူဘဲ သီးခြား အပိုလုပ်ဆောင်ရမှုများ ရှိပြီး ကန့်သတ်မှုများရှိကြောင်း သိရှိရသည်။

“ကျနော်တို့ လျှောက်လွှာတင်တဲ့ အချိန်မှာကတည်းက သီးခြား လျှောက်လွှာစာရွက်နဲ့ ဘယ်နှစ်ခုနှစ်ကနေပြီး ဘာပုဒ်မနဲ့ ထောင်ဘယ်လောက်ကျတယ်။ ဘယ်အချိန်မှာ ပြန်လွတ်တယ်၊ အားလုံးကို ထောင်ကျတဲ့ဖြစ်စဉ်ကို သီးခြား တစောင်ရေး တင်ရတယ်” ဟု ဦးကိုကိုကြီးက က ဧရာဝတီသို့ ပြောဆိုသည်။

“တယောက်ချင်း ပေးနေတဲ့ ပုံစံမျိုးထက်ကို ကျနော်တို့ အကျဉ်းထောင်တွေက လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တွေ အားလုံးကို တပြေးညီ ပုံစံ တခု သတ်သတ်မှတ်မှတ် ရှိသင့်တယ်ဆိုတာ ကျနော်တို့ ပြည်ထောင်စု ၀န်ကြီးတွေနဲ့တွေ့ တော့လည်း ပြောထားပါတယ်” ဟုလည်း ဦးကိုကိုကြီးက ပြောသည်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးနှင့် ပတ်သက်၍ ပြည်ထဲရေး ၀န်ကြီးဌာနက နိုင်ငံရေး အကျဉ်းသားဟောင်းများ ကို ထုတ်ပေးရာတွင် ထောင်မှ လွတ်ပြီးနောက် ကာလမှစ၍ ၁ နှစ် ဆိုင်းငံ့ထားရန် ဌာနတွင်း ညွှန်ကြားထားခဲ့ကြောင်း  နိုင်ငံရေးအကျဉ်းသားဟောင်းများအကြား ပြောဆိုမှုများ ရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးချေ။

သြဂုတ်လ ၃၀ ရက်နေ့က ပြည်တွင်း၊ ပြည်ပရှိ နာမည်ပျက်စာရင်း (Blacklist) သွင်းထားသည့် လူ ပေါင်း ၆ ထောင် ကျော်အနက် ၂ ထောင်ကျော်ကို ပယ်ဖျက်ပေးလိုက်ပြီး ပြည်ပရောက်ထင်ရှားသည့် အတိုက်အခံခေါင်း ဆောင် တချို့ကိုလည်း ပြည်ဝင်ခွင့် ဗီဇာများ ထုတ်ပေးခဲ့သည်။

ဆုယူရန်ရှိသည့် ကိုမင်းကိုနိုင်သည် အခြား ၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြသော ကိုဋ္ဌေးကြွယ်၊ ကိုပြူံးချို၊ ကိုမာကီနှင့် ကိုသက်ဇော်တို့ နှင့်အတူ မြစ်ကြီးနားမြို့၊ မနောကွင်းတွင် ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပနေသည့် မြစ်ဆုံရေကာတာ စီမံကိန်း ရပ်တံ့မှု ၁ နှစ်ပြည့်ပွဲသို့ ရောက်ရှိနေကြသည်။ ကချင်ပြည်နယ် ခရီးစဉ်ကို စက်တင်ဘာလ ၁၉ ရက်တွင် အဆုံးသတ်ပြီး ရန်ကုန်သို့ ပြန်ရောက်လာမည်ဖြစ်သည်။

အမေရိကန် ဝါရှင်တန်ရှိ NED ဒီမိုကရေစီ ဆုပေးပွဲမှာ စက်တင်ဘာလ ၂၀ ရက်နေ့တွင်ကျင်းပမည် ဖြစ်ပြီး ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး၊ ဦးကျော်သူ၊ ဒေါက်တာ စင်သီယာမောင်၊ ဦးအောင်ဒင်တို့ ၅ ဦးကို ဆု ပေးအပ်ချီးမြှင့်ရန်ရှိသည်။ အဆိုပါ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မိန့်ခွန်းပြောမည်ဖြစ်သည်။

နိုင် ငံကူး လက်မှတ်အခက်အခဲကြောင့် ကိုမင်းကိုနိုင် လူကိုယ်တိုင် တက်ရောက်မယူနိုင်သော်လည်း ဆုပေးသူများ၊ အခြားဆုလက်ခံသူများ၊ တက်ရောက်လာသူများအား လေးစားဂုဏ်ပြုသည့်အနေဖြင့် ဗီဒီယို သတင်းစကားကို ပေးပို့သွားရန် ရှိကြောင်း ကိုသက်ဇော်က ပြောသည်။ (ဧရာဝတီ)

No comments:

Post a Comment