Saturday, October 2, 2010

ရှစ်ဆယ့်ရှစ်ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့သမီး (သို့မဟုတ်) ဒီမိုကရေစီမျိုးဆက်သစ် မဝေနှင်းပွင့်သုန် ရဲ့ မိန့်ခွန်း

"ကျမရဲ့အဖေကို ကျမ ပထမဦးဆုံးမြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားကတဆင့်မြင်တွေ့ရတဲ့ အကျဉ်းထောင် ထဲက အခန်းကျဉ်းကလေးထဲမှာဖြစ်ပါတယ်။ အဲဒီတုန်းက ကျမအသက် (၄)နှစ်ပဲရှိပါသေးတယ်။
"သူဟာ ၁၉၈၈ ခုနှစ်မှာ စစ်အာဏာရှင်စံနစ် ဆန့်ကျင်တဲ့အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် အကျဉ်းကျခံခဲ့ရပါတယ်။ အခု နောက်ထပ်တခါ ၂၀၀၇ ခုနှစ်မှာ ငြိမ်းချမ်းစွာလှုပ်ရှားခဲ့တဲ့ အရေးအခင်းမှာပါခဲ့လို့ ထောင်ဒါဏ် (၆၅)နှစ်နဲ့ (၆)လ အကျဉ်းကျခံထားရပါတယ်။ သူရဲ့ကျန်းမာရေးဟာ တော်တော်ဆိုးနေပါတယ်။ သူ့မှာ နှလုံးရောဂါလည်းရှိပါတယ်။ ဒါပေမဲ့ သူ့အသက်ဆက်ရှင်ဘို့အတွက် လိုအပ်နေတဲ့ ဆေးဝါးကုသခွင့်ကို ငြင်းပယ်ခြင်းခံနေရပါတယ်။ ဒါပေမဲ့ ကျမရဲ့အဖေဟာ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်ထဲကမှ တဦးသာဖြစ်ပါတယ်။ များစွာသော အကျဉ်းသားတွေဟာ နှိပ်စက်ညှင်းပမ်းခြင်းကို ခံနေရပါတယ်။ သူတို့တတွေဟာ စိုးရိမ်ရတဲ့အခြေအနေအောက်မှာ ရှိနေကြပြီးတော့ သာမန် ဆေးကုသခွင့်ကိုတောင် မရကြပါဘူး။"


"ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်းမှာ နိုင်ငံရေးအကျဉ်းသားဦးရေဟာ နှစ်ဆနီးပါး တိုးလာပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ဒီမိုကရေစီ ပြန်လည်တည်ဆောက်နေပါတယ်လို့ ကမ္ဘာကိုပြောနေပါတယ်။ နိုဝင်ဘာလမှာ သူတို့ဟာ ရွေးကောက်ပွဲ ပြုလုပ်ဖို့ရှိပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲဟာ မြန်မာပြည်ကို စစ်မှန်တဲ့ ပြောင်းလဲမှုကိုဆောင်ကျဉ်းပေမဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်စံနစ် ဆက်လက် အာဏာချုပ်ကိုင်ထားဘို့အတွက် ပုံဖော်ထားတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ စစ်သားတချို့ စစ်ယူနီဖောင်းကနေ အရပ်ဝတ်လဲလိုက်တဲ့ အပြောင်းအလဲသာ ဖြစ်ပါတယ်။ ကျမတို့ဟာ ဘာမှမကွာခြားသွားတဲ့ အာဏာရှင်တမျိုးတည်းကို အရပ်ဝတ်နဲ့ ပုံစံပြောင်းပြီး ထပ်တွေ့ရမှာ ဖြစ်ပါတယ်။ ကျမတို့ ပြည်သူတွေ ခံစားနေရတဲ့ ဝေဒနာက ဆက်လက် တည်ရှိနေဦးမှာ ဖြစ်ပါတယ်။"

"ပထမဦးဆုံးအနေနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာကို ကျမ ပြောပြချင်ပါတယ်။ ကျမတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်လက်ပြီး အကျဉ်းကျနေပါတယ်။ သူမရဲ့ပါတီဟာ ဖျက်သိမ်းခြင်း ခံထားရပါတယ်။ ဘယ်သူဘဲဖြစ်ဖြစ် စစ်အုပ်စုကို ဆန့်ကျင်ပြီးပြောရင် အကျဉ်းချခံရပါတယ်။ ဟာသလုပ်တာ၊ ကဗျာစပ်တာတောင် အကျဉ်းကျခံကြရပါတယ်။ သတင်းဆင်ဆာဖြတ်တောက်မှုကလည်း များသထက် များနေပါတယ်။ မြန်မာပြည်အရှေ့ပိုင်းက တိုင်းရင်းသား လူနည်းစုဧရိယာတွေမှာ အရပ်သားတွေကို ၀င်ရောက်တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ စာသင်ကျောင်းတွေကို ဖျက်ဆီးခံရတာ။ ရွာတွေကို မီးရှိ့ခံရတာနဲ့ ခလေးငယ်ငယ်လေးတွေပါမကျန် ပစ်သတ်ခံရတဲ့ အစီရင်ခံစာတွေကို ကုလသမဂ္ဂက လက်ခံရရှိထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ (၁၅)နှစ်တာကာလအတွင်းမှာ ကျေးရွာပေါင်း (၃၅၀၀)ကို ဖက်ဆီးခြင်း ခံခဲ့ရပါတယ်။ ဒါတွေဟာ စစ်အာဏာရှင်တွေက ကျမတို့နိုင်ငံအတွက် ဒီမိုကရေစီကိုဖော်ဆောင်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ဒါတွေဟာ အာဏာကို သူ့အလိုလို ဘယ်တော့မှာ စွန့်လွှတ်မှာ မဟုတ်တဲ့၊ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားတွေရဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။"

"ကျမအနေနဲ့ လေဘာပါတီနဲ့ မြန်မာ့အရေးကိုထောက်ခံအားပေးတဲ့ လေဘာအစိုးရကို ကျေးဖူးတင်စကားပြောချင်ပါတယ်။ လေဘာအစိုးရ (ယူကေ)ဟာ ကမ္ဘာပေါ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့အကြောင်း ကြေညာခဲ့တဲ့ ပထမဦးဆုံးအစိုးရဖြစ်ပါတယ်။ သင်တို့အနေနဲ့ ဒီ့ထက်အရှိန်ပြင်းတဲ့ တွန်းအားတွေနဲ့ ဆက်လက်ဦးဆောင်ပြီး မြန်မာနိုင်ငံအပေါ် အီးယူက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖြတ်တောက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချပေးမှု ဖြတ်တောက်ရန် တို့အတွက် ဖိအားပေးမှုကို လုပ်ဆောင်ပေးစေလိုပါတယ်။ ကျမအနေနဲ့ လေဘာအစိုးရ၀န်ကြီးဟောင်း မစ်စတာ ဂေါ်ဒင်ဘရောင်းနဲ့ မစတာ ဒေးဗစ်မီလီဘန်း တို့ကို ကျမတို့ မြန်မာနိုင်ငံလွတ်မြောက်ရေးအတွက် လှုပ်ရှားမှုကို ဘာအကျိုးအမြတ်မှမရှိဘဲ လှိုက်လှဲစွာ ထောက်ခံအားပေးမှုအတွက် အထူးကို ကျေးဇူးတင်ကြောင်း ကျမ ပြောကြားလိုပါတယ် (လက်ခုပ်သံများ)။ ဒီအတွက်လည်း ကျမတို့ တကယ့်ကို ၀မ်းမြောက်ရပါတယ်။"

"ဒါပေမဲ့ ကမ္ဘာ့ကုလသမဂ္ဂကိုတော့ ကျမအနေနဲ့ အခုပြောတဲ့အတိုင်း မပြောနိုင်ပါဘူး။ ကျမတို့မှာ ကုလသမဂ္ဂ အထွေထွေအတါင်းရေးမှူးဆီက မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး စိုးရိမ်းကြောင်းစာတွေကို မကြာခဏ ရရှိပါတယ်။ ဒါပေမဲ့ ဘာလုပ်ဆောင်ချက်မှ မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်လို့ ထပ်ခါတလဲလဲ ကတိတွေပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘယ်တော့မှ ဂတိမတည်ခဲ့ပါဘူး။ ကမ္ဘာ့ကုလသမဂ္ဂကလည်း အခြေအနေအပြောင်းအလဲကို စောင့်ကြည့်ရအောင်လို့ ထပ်ခါတလဲလဲ ပြောခဲ့တာပါဘဲ။ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာသေကြေရမဲ့အရေးကို ဘာကြောင့် ကျမတို့ စောင့်ကြည့်နေဘို့ လိုပါသလဲ။ အမျိုးသမီးတွေ မုဒိန်းကျင့်ခံရမဲ့အရေးကို ဘာကြောင့် ကျမတို့ စောင့်ကြည့်နေဘို့ လိုပါသလဲ။ မျိုးဆက် တခုပြီးတခု ခလေးတွေဟာ ငတ်မွတ်ခေါင်းပါးလာပြီးတော့၊ ကြောက်လန့်တကြားနဲ့ ကြီးပြင်းလာခဲ့ရတယ်။ သူတို့ရဲ့ ခလေးတွေကို ဆုံးရှုံးခဲ့ရတယ်။ ယူအန်နဲ့ တခြားတိုင်းပြည်ရဲ့ အစိုးရတွေဟာ ဒါတွေကိုလစ်လျှုရှုကာ၊ ဘာမှမလုပ်ပေးနိုင်ဘဲ နေမြဲတိုင်ဘဲ နေနေကြပါတယ်။ ဒီလိုအဖြစ်ဆိုးမျိုးတွေကို လက်ခံနေလို့ မဖြစ်ပါဘူး။ "

"မှန်ကန်တဲ့ဖိအားမျိုးကို ပေးနိုင်ခြင်း မရှိတဲ့အတွက် မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေဟာ ဖိအားဆိုတာကို လုံးဝဂရုမစိုက်တော့ပါဘူး။ နိုင်ငံတကာဖိအားဆိုတာ တကယ်ပဲ မရှိမဖြစ် ထိန်းသိမ်းဖို့ လိုအပ်လာပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေကို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွေ ဖြစ်လာအောင် ဖိအားပေးဖို့ လိုအပ်ပါတယ်။ စစ်အုပ်စုကို ဒီလို စေ့စပ်ရေးအတွက် ဖိအားပေးဖို့ ကုလသမဂ္ဂဦးဆောင်တဲ့ စေ့စပ်ဆောင်ရွက်ရေးအောက်မှာ ကျမတို့ ကမ္ဘာကြီးတခုလုံး ညီညွတ်ဖို့ လိုအပ်ပါတယ်။ ကုလသမဂ္ဂကော်မရှင်ကသွားပြီး စစ်အုပ်စုရဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ကမ္ဘာ့ရာဇ၀တ်မှုဆိုင်ရာ စုံးစမ်းစစ်ဆေးရေးကို ဆောင်ရွက်ဖို့ လိုပါတယ်။"


"ဒီရွေးကောက်ပွဲကြီးပြီးသွားရင် ကျမတို့တတွေရဲ့ အဖေတွေကို ထောင်ထဲသွင်း အကျဉ်းချထားတဲ့ ဥပဒေတွေအပါအ၀င် စစ်အာဏာရှင်စနစ်ကိုထောက်ပံ့ပြီး မတရားဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေအားလုံးဟာ တရားဝင် ဖြစ်သွားပါလိမ့်မယ်။ တခါတလေ ကျမမှာ မျှော်လင့်ချက်ကင်းမဲ့သလောက်နီးပါး ခံစားမိပါတယ်။ တခါတလေ ကျမရဲ့အဖေကို ကျမတသက် ဘယ်တော့မှ ပြန်တွေ့နိုင်တော့မှာ မဟုတ်ဖူးလို့ ထင်မိပါတယ်။ ဒါပေမဲ့ ကျမဟာ ကျမအဖေရဲ့ ရဲစွမ်းသတ္တိရှိမှုကို အမှတ်ရနေပါတယ်။ သူဟာ ဘယ်လောက်ပဲ ဝေဒနာ ခံစားနေရပါစေ၊ သူ့ရဲ့ ယုံကြည်ချက်ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဖူးတိုတာ ကျမ သိနေပါတယ်။ ကျမတို့ဟာ လွတ်လပ်မှုရဲ့အောင်ပွဲကို ဆင်နွှဲနိုင်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီလွတ်လပ်မှုအတွက် ကျမတို့ဟာ သင်တို့တတွေရဲ့ အကူအညီကို လိုအပ်ပါတယ်။ သင်တို့ဟာ တောင်အာဖရိကကို အကူအညီပေးဖို့အတွက် ရောက်ခဲ့ကြပါတယ်။ ထို့အတူဘဲ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုအတွက်လည်း အကူအညီပေးကြပါ။ ကျေးဇူးတင်ပါတယ်။ ။"
လေဘာပါတီ(ဗြိတိန်) ညီလာခံတွင် ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment