ကုန်ကားပေါ်သို့ ဆန်အိတ်များ တင်နေသော ပခုံးထမ်း အလုပ်သမားများ ဖြစ်ပါသည်။ (Photo: AFP) |
ပြည်တွင်း စပါးအထွက် ကျဆင်းမှုနဲ့ ကုန်သည်ကြီးတွေ အလုအယက် ဆန်ဝယ်ယူ စုဆောင်းမှုကြောင့် ဆန်ဈေးတွေ တက်နေချိန်မှာပဲ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစပြီး မြန်မာအစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်ပ ဆန်တင်ပို့ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။
ကုန်သွယ်မှု မူဝါဒကောင်စီရဲ့ အဲဒီအမိန့်မှာ ဒီပိတ်ပင်မှုဟာ ဘယ်လောက်ကြာမယ်၊ ဘယ်တော့ ပြန်တင်ပို့ခွင့် ပြုမယ် ဆိုတာတွေကိုတော့ မဖော်ပြထားဘူးလို့ အမည်မဖော်လိုတဲ့ ကုန်သည်များနဲ့ စက်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် အမှုဆောင်တဦးက အာရ်အက်ဖ်အေကို ပြောပါတယ်။